ပျော်ရွှင်ရသော နေ့တစ်နေ့




“ဘုန်းဘုန်း၊ သားတို့ ရှင်ပြုရင် မြင်းကြီးတွေစီးရမှာနော်”

“အေးပေါ့၊ စီးရမှာပေါ့ သားတို့ရဲ့”

“ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေရော ရိုက်မှာနော်”

“ရိုက်ပေးမယ်။ စိတ်ချ၊ သားတို့သာ စာကြိုးစား၊
နောင်နှစ်သားတို့ ရှင်ပြုရင် မြင်းကြီးတွေလည်း စီးရမယ်၊
ဓါတ်ပုံတွေ ဗွီဒီယိုတွေလည်း အများကြီးရိုက်ပေးမယ်”

“ဟေး၊ ဒါမှ ဒို့ ဘုန်းဘုန်းကွ”
ပြည်ပမထွက်မှီ စာရေးသူရဲ့ကလေးတွေကို နောင်နှစ်ကျရင် သားတို့ကို ရှင်ပြုပေးမယ်လို့ပြောတဲ့နေ့က အဖြစ်အ ပျက်လေးပါ။ ပြန်ကြားယောင်မိတိုင်း ကြည်နှုးရတဲ့ အသံလေးတွေဟာ တစ်ကယ်ရှင်ပြုပွဲ အကောင်အထည်ဖော် တဲ့ အခါမှာတော့ စာရေးသူ စိတ်မကောင်းတွေ အကြိမ်ကြိမ်ဖြစ်မိပါတယ်။ ခုခေတ်ကုန်ဈေးနှုံးနဲ့ ရှင်လောင်းဆယ့်လေးငါးပါးစာအတွက် မြင်းငှားဘို့၊ ဗွီဒီယိုရိုက်ပေးဘို့ဆိုတာ ဘယ်လိုမှ မဖြစ် နိုင်ဘူး ဆိုတာ တွေးမိတိုင်း စာရေးသူဘယ်လိုမှ မပျော်နိုင်တော့ပါဘူး။ စာရေးသူပြည်ပရောက်မှ ရလာတဲ့ လာဘ်လာဘလေးတွေကို စုဆောင်းပြီး ကလေးတွေအတွက်ရည်ရွယ်ပြီးဝယ်ထားတဲ့ ဓါတ်ပုံကင်မရာလေး က တော့ရှိနေပါပြီ။ သို့သော်လည်း သူတို့ရဲ့ အဓိကရည်မှန်းချက်က ရှင်ပြုပွဲမှာ မြင်းကြီးစီးပြီး“တွေ့လား၊ ငါတို့ လည်း မင်းတို့ရှင်ပြုသလိုပဲ၊ မြင်းကြီးစီးရတယ်။ အဲဒါ ငါတို့ ဘုန်းဘုန်းလုပ်ပေးတာကွ”လို့ အပေါင်းအသင်းတွေ ကို သူတို့ကြွားချင်ရှာမှာပါ။



သူတို့အပေါင်းအသင်းတွေ ရှင်ပြုတုန်းကလည်း၊ မြင်းတွေပေါ်က သူတို့အပေါင်းသင်း သငယ်ချင်းတွေကို မော့ ကြည့်ရင်းနဲ့ “ငါတို့ရှင်ပြုရင်လည်း၊ ဒီလိုပဲ မြင်းကြီးတွေစီးပြီး၊ သူတို့ ငါတို့ကို ခုလို မော့ကြည့်နေရရမှာပဲ” ဆိုတဲ့ အိပ်မက်ကလေးတွေကို အကောင်အထည့်မဖော်နိုင်တော့ဘူးဆိုတာ သိရတော့ စာရေးသူရဲ့ ရင်ထဲမှာ ဘယ်လိုမှ ပျော်နိုင်တဲ့ အင်အားတွေမရှိတော့ပါဘူး။

လွန်ခဲ့တဲ့ ၇ ရက်ခန့်က စာရေးသူထံကို အလှူစီစဉ်သူတွေက “ဦးဇင်းရေ၊ ရှင်းလောင်က ၁၂ပါး။ ရဟန်းလောင်းက ၂ ပါး၊ ဒါလောလောဆယ်နော်၊ နောင် ပြုချင်တဲ့သူတွေရှိသေးရင် တပည့်တော်တို့ လက်ခံလိုက် ရမလားလို့” လို့ဖုန်းဆက်ပြီးမေးလာတော့ စာရေးသူ ရင်ထဲမှာလေးသွားပေ မယ့် ငြင်းဆန်နိုင်ဘို့ အင်အားလည်း မရှိပါဘူး။အဲဒါနဲ့ပဲ“ ကဲဖြစ်အောင်လုပ်ပေးမယ်။ လက်သာခံထားလိုက်၊ ဘယ်နှစ်ပါးလာလာ လက်ခံထားလိုက်၊ လုပ်ပေးမယ်” လို့ဝန်ခံကတိပေးလိုက်ပါတယ်။ စာရေးသူရဲ့ ကလေးတွေကတော့ မြင်းကြီးတွေစီးဘို့ ဝေးသ ထက် ဝေးပြီပေါ့။ ဦးရေ များလာတိုင်း ကုန်ကျစာရိတ်ကို ချုံ့ရတော့မယ်လေ။ ရင်ထဲမှာ“စိတ်မကောင်းပါဘူး၊ သားတို့ရယ်” လို့သာ ငြီးတွားနေမိပါတော့တယ်။ မနေ့က မနက်ပိုင်းအထိ စာရေးသူရထားတဲ့ အလှူရှင် က မြန်မာပြည် ကနဲ့ စာရေးသူရဲ့ ဘန်ကောက်က တပည့်အလှူရှင်လေးတွေပေါင်းမှ ငါးပါးစာဆိုတော့ စာရေးသူနည်းနည်းတော့ ခေါင်းခဲရပြီပေါ့။ ရင်ထဲမှာလည်းကျောက်ခဲကြီးစွဲထားသလို လေးနေတယ်လေ။ ကလေးတွေ အတွက် မြင်းမငှားပေးနိုင်လို့ မပျော် နိုင်ရတဲ့ ကြားထဲ ကိုယ်မနိုင်တဲ့ တာဝန်ကို ၀န်ခံမိရက် သားဖြစ်နေတော့ အပြင်မှာ ဟန်ဆောင်နေပေမယ့် ရင်ထဲမှာ မပျော်နိုင်တော့ပါဘူး။

ကုသိုလ်ရဲ့ ကောင်းကျိုးလို့ပဲပြောရမလား၊ စာရေးသူရဲ့ သဒ္ဓါတရား စွမ်းအားကြောင့်ပဲပြောရမလား။ ဘာအခက် အခဲတွေရှိရှိ အောင်မြင်ရမယ်ဆိုတဲ့စာရေးသူရဲ့ ယုံကြည်ချက်ကလေးက မနေ့က(၃၀.၃.၂၀၁၁) မှာတော့ပြည့်မြောက်ခဲ့ပါ ပြီ။ မနေ့က ညနေခင်းကပဲ စာရေးသူရဲ့ ဘန်ကောက် ဗုဒ္ဓဓမ္မသင်တန်းသား တစ်ဦးဖြစ်တဲ့ ကိုဇော်တို့ မောင်နှမ သူတို့(ကိုဇော်အစ်မရဲ့ အမျိုးသား ထိုင်းဒကာကြီးလည်း ပါပါတယ်။) ဖခင်ကြီးအတွက် နှစ်နှစ်ပြည့် ကောင်းမှု အတွက်၊ သင်္ကန်းစတဲ့ လှူဘွယ်ပစ္စည်းများ လာလှူရင်းနဲ့ ကိုဇော် ရဲ့ အစ်မက ရှင်လောင်းတစ်ပါး ဘတ်တစ်ထောင်နှုံးဖြင့် ရှင် (၁၁)ပါး။ ကိုဇော့်အစ်မ မိတ်ဆွေ ဒကာမကြိးတစ်ဦး ကလည်း ရှင်လောင်း (၁၁)ပါးစီ၊ စုစုပေါင်း (၂၂)ပါး တာဝန်ယူမည့်အကြောင်း လာရောက်လျှောက်ထား သွားပါတယ်။ စာရေးသူရဲ့ ပျော်ရွှင်မှုကတော့ ဟန်မဆောင်နိုင်အောင်ပါပဲ။ ဘန်ကောက်ရောက်ပြီးနောက် ဒီနေ့ဟာ အပျော်ဆုံး နေ့လို့ပြောလို့ရပါတယ်။ ကိုယ့်ကလေးတွေရဲ့ အိပ်မက် အတွက်ဖြည့်ဆည်းနိုင်တော့ မှာမို့လို့ပါ။ တစ်ကယ်တော့ ကိုဇော့်အစ်မနဲ့ သူ့မိတ်ဆွေ ဒကာမကြီးတို့ နှစ်ယောက်လုံးကို စာရေးသူ အရင်က လုံးဝမမြင်ဖူး ပါဘူး။ ဒါပေမယ့် ကိုယ်ဇော်က စာရေးသူအကြောင်းလေးတွေ ပြောပြ၊ စာရေးသူသင်တန်းမှာပို့ချတဲ့ စာလေးတွေ ပေးဖတ်နဲ့ဆိုတော့ ဒကာမကြီးက စာရေးသူနဲ့ မမြင်မတွေ့ရခင်ကတည်းက ရင်းနှီးနေခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ဒကာမကြီးနှစ်ယောက် ကို အထူးပဲကျေးဇူး တင်မိပါတယ်။

“သားတို့ရေ၊ ခုတော့ ဘုန်းဘုန်းပျော်နိုင် ပါပြီ၊ သားတို့အတွက် မြင်းကြီးတွေ စွဲပြီးပြန်လာခဲ့မယ်နော်”

“စေတနာပန်းခင်းရဲ့ ပထမအကြိမ် စုပေါင်းရှင်ပြုပွဲ အလှူရှင် အားလုံး၊ ကိုယ်စိတ်နှစ်ဖြာ၊ ကျန်းမာ ချမ်းသာ၊ ကောင်းကျိုးလိုရာ ဆန္ဒတွေ ပြည့်စုံနိုင်ကြပါစေ။

အရှင်တေဇာနန္ဒ(ရွှေဘုန်း၊ စေတနာပန်းခင်း)

No comments:

Post a Comment