သာသနာ့ အလံ (ဘာသာရေး ဗဟုသုတ)


'' အလံက ဇောက်ထိုးကြီး၊ ဇောက်ထိုးကြီး "

အသံကြားရာသို့ လှမ်းကြည့်လိုက်တော့ အသက်လေးဆယ်အရွယ် ဒကာတစ်ယောက်၊ မိမိတို့ လက်ထဲက သာသနာ့ အလံကို လက်ညှိုးထိုးပြောနေကြောင်း သိတော့မှ လက်ထဲက အလံကို ငုံ့ကြည့်မိသည်၊ ဟုတ်ပေသားပဲ၊  ရေဗူးများ ကားပေါ်သို့ တင်နေသည်ကို ငေးလျှက် အမှုမဲ့ အမှတ်မဲ့ ၀ါးလုံးတိုင်မှာ အလံချည်တာ ပဘဿရ ရောင်ခြည်တော်မှ အပြာရောင်ကို အောက်ထား၍ ချည်မိကြောင်း သတိထားမိတော့တယ်၊ ထိုအခါမှာတော့ တပည့်ကျော်မလေးက   '' ဘုန်းဘုန်းကလည်း ရှက်စရာကြီး ဘုန်းကြီးက သာသနာ့အလံ ချည်တာ ပြောင်းပြန်ဖြစ်လို့ လူက ထောက်ပြတာခံရတယ်လို့ " ဆိုပြီး သူကပါ  သာသာနဲ့ နာနာဝင်နှက်တော့တာပဲ၊ အေးလေ ကိုယ်ကလည်း ပေါ့ဆမိတာကိုး ခံပေဦးတော ရွှေဘုန်းရေပေါ့။


ပထမအကြိမ် မုတ္တမပင်လယ်ကွေ့ရေလှူခရီးစဉ်သွားတုန်းက  အဖြစ်အပျက်တစ်ခုပါ၊ ထို့နေ့ကတည်းက အားတဲ့ အခါ သာသနာ့အလံ အကြောင်း မသိသေးသူများ သိရအောင် ရေးမယ်လို့ စိတ်ကူးထားတာပါ၊ ခုမှပဲ အားလို့ ရေးဖြစ်ပါတယ်တော့တယ်၊ မြတ်စွာဘုရား လက်ထက်တော် အခါကာလကတော့ သာသနာ့ အလံဆိုတာ မရှိခဲ့သကဲ့သို့ အထက်၊ အောက် အသုံးပြုပုံမှာလည်း သီရိလင်္ကာမှာ သာသနာ့အလံ တီထွင်ခဲ့ပြီးနောက်ပိုင်းမှ သတ်မှတ်ချက်များပင် ဖြစ်ပါတယ်၊ သာသနာ့ အလံတော်မှာ အရောင်ခြောက်မျိုး ပါရှိပါတယ်၊ မြတ်စွာရား၏ ရောင်ခြည်တော်ခြောက် သွယ်ကို ရည်မှန်းလို့ ပြုလုပ် တီထွင်ထားခြင်းပဲဖြစ်ပါတယ်... ထိုရောင်ခြည်တော် ခြောက်သွယ်မှာ...

၁. နီလ=အပြာရောင်
၂. ပီတ=အ၀ါရင့်ရောင်
၃. လောဟိတ=အနီရောင်
၎. သြဒါတ = အဖြူရောင်
၅. မဉ္ဖိတ္ထ   = ပန်းနုရောင်
၆. ပဘဿရ = အထက်ပါ ရောင်ခြည်တော် ငါးသွယ်မှ ရောပြွမ်းယှက်နွယ်၍ ပြိုးပြိုးပျက်ပျက်ထွက်သော ရောင်ခြည်တော်။

နောက်ဆုံး ရောင်ချည်တော်မှာ အထက်က ရောင်ခြည်တော်ငါးမျိုးက အရောင်ဟပ်၍ ဖြာထွက်သော ရောင်ခြည်တော်ဖြစ်သည်၊ သို့သော် ထို ပဘဿရ ရောင်ခြည်တော်အား အ၀တ်စဖြင့် ပုံဖော်ရာမှာတော့ အထက်က ရောင်ခြည်တော် ငါးမျိုးကိုပဲ သီးခြားအ၀တ် တစ်စစီ စပ်ပြီး ချုပ်ထားရလေသည်၊ ထို သာသနာ့ အလံအား အသုံးပြုချိတ်စွဲနည်းအားလည်း ပြဌာန်းထားပေသည်၊ အလံတော်အား အပြာရောင်ကို ချည်မည့် တန်းဘက်မှထား၍ ချိတ်စွဲရမည်၊ ထိုသို့ ချိတ်စွဲရာမှာလည်း နောက်ဆုံး ပဿရရောင်ချည်တော်တွင် အပြာရောင်က အထက်ဘက်က ချိတ်စွဲရမည်ဟု ပြဌာန်းထားပေသည်။

ထိုသာသနာ့ အလံအား ၁၈၈၅-ခုနှစ်က သီရီလင်္ကာနိုင်ငံတွင် တီထွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်၊ ထိုအလံတော်အား စတင်တီထွင်သူမှာ အချို့က အမေရိကန်နိုင်ငံသား Buddha (ဓ-အောက်ဆင့်မရ၍ပါ) ဘာသာဝင် ဗိုလ်မှူးဟောင်း မစ္စတာ ဟင်နရီ စတီး အော့လ်ကော့ ( Henry Steele Olcott ) ဟု ဆိုကြသည်၊ အချို့ကလည်း မစ္စတာ အော့လ်ကော့မှာ အလံတော် အရွယ်အစားအား အကြံပြုခဲ့သူသာဖြစ်၍ တစ်ကယ်တမ်း အလံတော်အား တီထွင်ခဲ့သူမှာ သီရိလင်္ကာနိုင်ငံသား  အရှင် စီပီဂုဏ၀ဍ္ဎန ( C.P Gune Wardene ) ဖြစ်သည်ဟု ဆိုကြသည်၊ ဒုတိယ အဆိုကို ပညာရှင် အများစုလက်ခံကြပေသည်။ မြန်မာနိုင်ငံတွင်တော့ ထိုသာသနာ့ အလံတော်ကို ဆဋ္ဌသံဂါယနာ တင်သော ၁၉၅၆-ခုနှစ်တွင် စတင်အသုံးပြုခဲ့ပါသည်။

အလံတော် အရွယ်အစားများမှာ...

အကြီး = အလျား ၉ ပေ၊ အနံ ၅ ပေ။
အလတ် = အလျား ၄ပေ ၆ လက်မ၊ အနံ ၂ ပေ ၆ လက်မ။
အလတ် = အလျား ၂ ပေ ၃ လက်မ၊ အနံ ၁ ပေ ၃ လက်မ။
အသေး = အလျား ၉ လက်မ၊ အနံ ၅ လက်မ----ဟု အစားစား သတ်မှတ်ထားပေသည်။

ကျမ်းကိုး။  ။ အရှင် စန္ဒောဘာသ (ရွှေဘို) သာသနာ့ အလံတော်။

ဘာသာရေး ဗဟုသုတ ပြည့်ဝကြပါစေ....

မေတ္တာဖြင့်...ရွှေဘုန်း (29.6.2012)

No comments:

Post a Comment