သံဃာဆိုတာ

ခုခေတ်မှာ ၀ိနည်းတော်နဲ့ မညီတဲ့ ရဟန်းတွေ၊ အနေမတတ်အထိုင်မတတ်တဲ့ ရဟန်းတွေ များစွာရှိတယ် ဆိုတာ ကိုယ်ကိုယ်တိုင်လည်း ရဟန်းဖြစ်နေတဲ့ အတွက် ပိုသိပါတယ်။(ခုခေတ်တင်မဟုတ်ပါဘူး၊ ဘုရားလက်ထက်မှာတောင် ရှိပါတယ်။) တစ်ချို့ လုံးဝ ဒုဿီလဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေတောင် ရှိပါတယ်။ ဒါပေမယ့် ဒါက ပုဂ္ဂိုလ်ပါ၊ သံဃာ မဟုတ်ပါဘူး။ “သံဃော ဒုဿီလော နာမ နတ္ထိ” လို့ ပါဠိတော်မှာ လာရှိပါတယ်။ ဆိုလိုတာက ပုဂ္ဂိုလ်ကတော့ သီလ မရှိတဲ့ သူ ရှိမယ်။ ဒါပေမယ့် သံဃာဆိုရင်တော့ သီလမဲ့သူဆိုတာ မရှိတော့ပါဘူးတဲ့။ 

ဒါပေမယ့် ခုခေတ်က ဗုဒ္ဓဘာသာဝင် ဒကာ၊ ဒကာမတွေကတော့ တစ်စုံ တစ်ဦး မကောင်း တာလေးတွေ့ တာ နဲ့၊ “သံဃာတွေက၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့” ၀ါးလုံးရှည်နဲ့ သိမ်းရမ်းကြတော့ တာပါပဲ။ စဉ်းစားကြည့်ပါ (၁။ ရဟန်း၊ ၂။ ရဟန်းမ ၃။ ဥပါသိကာ၊ ၄။ ဥပါသိကာမ) ဒီလေးဦးဟာ သာသနာတွင်းသားတွေပါ၊ ကိုယ့်မှာလည်း တာဝန်မကင်းပါဘူး။ ကိုယ်ကမှ ကိုယ့်သာသနာ မထိန်းကျောင်းပဲ ကဲ့ရဲ့နေမယ် ပြစ်တင်နေ မယ်ဆိုရင် ဒီသာသနာ ဘယ်လိုလုပ် တိုးတက်အောင် လုပ်တော့မလဲ။ မဟာဂန္ဓာရုံ ဆရာတော်ကို ဒကာတစ်ယောက်က မေးလျှောက်ပါတယ်။ “ဆရာတော်၊ တပည့်တော် အမြင်မတော်တဲ့ ရဟန်းတစ်ပါး ပါး တွေ့ရင် ဆုံးမကောင်းပါသလား”တဲ့၊ ဆရာတော်ကြီးက “ဆုံးမကောင်းပါတယ်။ ဒကာတော်ရဲ့ နှလုံး သွင်းပေါ်မှာပဲ မူတည်ပါတယ်။ တစ်ကယ် စေတနာကောင်းနဲ့ ဆုံးမရင် ကုသိုလ်တောင် ရပါသေးတယ်”တဲ့။ ခုတော်တော်များများကတော့ ပုဂ္ဂိုလ်နဲ့ သံဃာ မခွဲခြားတတ်ဘူး။ 


အဲဒိတော့ သာသနာမှာ ချို့ယွင်းချက်မှန်သမျှဟာ ကိုယ့်မှာလည်း တာဝန်ရှိတယ်၊ လူသိရှင်ကြား ကဲ့ရဲ့နေ တာ ဝေဘန်နေတာဟာ ကိုယ်ပေါင် ကိုယ်လှန်ထောင်းနေသလိုပါပဲ။ လောကဆိုတာတော့ မကောင်းတာ နဲ့ ကောင်းတာဆိုရင် မကောင်းတာကို ပိုပြီး မြင်လွယ်တတ်ပါတယ်။ သာသနာမှာ “ဒေ၀ဒတ်ဆို လူတိုင်း မသိသူ မရှိပါဘူး။ ဒါပေမယ့် ၀ိနည်း ဧတဒဂ်ရ အရှင် ဥပါလိဆိုရင်တော့ သိသူ အရမ်းရှားသွားပါတယ်”။ ဒါကြောင့် အနည်းစု မကောင်းတာနဲ့ “သံဃာ ဆိုပြီး ” ၀ါးလုံးရှည်နဲ့ သိမ်းရမ်းလိုက်မယ် ဆိုရင် ပြောတဲ့သူလည်း အပြစ်ကြီပါတယ်။ အမြင်မတော်တာတွေ့ရင် ပြောနိုင်တယ်။ လမ်းမှန်တည့်ပေးနိုင် တယ်။ အဲလို မဟုတ်ပဲ၊ ကိုယ်လည်း တာဝန်မကျေ၊ ဆွမ်းတောင် ပုံမှန်မလောင်းပဲ “ဒီသံဃာတွေက ကွာ”ဆို၇င်တော့ ဒါပညာမဲ့မှုပါပဲ။ အဲဒါကြောင့် ပုဂ္ဂလနဲ့ သံဃာခွဲနိုင်ပါစေ။ ပြီးတော့ ကိုယ်လည်း ကိုယ်နိုင်ရာ တာဝန်လေးကို ထမ်းနိုင်ပါစေ၊ မကောင်းတာတွေ့ရင် ပြုပြင်ထိမ်းကျောင်း ရင်းနဲ့ ကောင်းတာလေးတွေလည်း ရှာဖွေနိုင်ပါစေလို့ ဆန္ဒပြုရင်း........... ။

မေတ္တာဖြင့်
အရှင်တေဇာနန္ဒ(ရွှေဘုန်း၊ စေတနာပန်းခင်း)

No comments:

Post a Comment