ယုံကြည်ချက်ခိုင်မာစွာဖြင့်လျှောက်လှမ်းနိုင်ပါစေ


ဘာသာတရားဆိုတာ အဆုံးအမတွေပဲမို့ ဘာသာတိုင်း မှာ ကောင်းတဲ့ အဆုံးအမတွေရှိမယ်ဆိုတာ
အသေ အချာပါပဲ။ မိမိ ကိုးကွယ်ယုံကြည်တဲ့ ဘာသာကလွဲလို့ အခြားဘာသာတွေ ရဲ့အပြစ်တွေ အားနည်းချက်တွေကိုထောက်ပြ အပြစ်တင်နေမယ့်အစား ဘာသာတိုင်းရဲ့ အားနည်းချက်တွေကို ဆန်းစစ်ပြီး အားသာချက်တွေ ကိုလေ့လာ အတုယူ တတ် ဖို့လိုအပ်ပါတယ်.။ ယုံကြည်ချက်မတူတိုင်း ရန်သူမဟုတ်ပါဘူး ။ လူသားတိုင်းဟာ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် အခိုင် အမာရပ် တည်နေကြတာပါ ..။

ကျွန်မတို့ နိုင်ငံဟာ ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံတစ်နိုင်ငံ ဖြစ်ပေမယ့် အခြား အခြားသော ဘာသာတွေကို လည်းလွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ပေးထားပါတယ်။သည်နိုင်ငံမှာနေလို့သည်ဘာသာပဲကိုးကွယ်ရမယ်ဆို တဲ့ချုပ်ချယ်ကန့်သတ်မှုမျိုး မရှိခဲ့ပါဘူး ...။

အဲဒီလိုပဲ ကျွန်မတို့ ဘာသာတရားကလည်း တို့ဘာသာကမှ အမှန်တရား ကျန်တဲ့ဘာသာတွေက အမှားဆိုတာ မျိုးမရှိခဲ့ပါဘူး ..။ ဆရာတော်တွေ ဟောကြားတဲ့ တရားတော်တွေထဲမှာ လည်း အခြား ဘာသာတွေကို ပုတ်ခတ်စော်ကားပြီး မိမိတို့ဘာသာကို စည်းရုံးဟောကြားခဲ့တာမျိုး မရှိခဲ့ဘူးပါ ဘူး။ ငွေကြေးနဲ့စည်းရုံးခဲ့တာလည်း မရှိသလို ခြိမ်းခြောက်ပြီး တော့လည်း စည်းရုံးခဲ့တာမရှိခဲ့ပါဘူး။ ကိုယ့်ဘာသာဝင် အဖြစ်စည်းရုံးဖို့အတွက် အခြားဘာသာတွေကိုလည်း ခုတုံးလုပ် နင်းတက်ခဲ့တာမျိုးလည်းမရှိခဲ့ပါဘူး။

သူများကို ခုတုံးလုပ်နင်းတက်တယ်ဆိုတာ ကိုယ်တိုင်အခြေမခိုင်လို့ သူများကို ခုတုံး လုပ်ရတာပါ..။

မိတ်ဆွေတစ်ယောက်က ကျွန်မ ထံကို စီဒ်ီခွေလေး တစ်ခွေပို့ပေးပါတယ် ။ အဲဒီခွေထဲက ဟောပြောတဲ့သူက အကယ်ဒမီ မင်းသမီးကြီးတစ် ယောက်ရဲ့ သားလို့ သိရပါတယ် ..။ အဲဒီခွေကို နားထောင်လိုက်ရတော့ ဒေါသလည်း ဖြစ်မိသလို စိတ်မကောင်းလည်းဖြစ်ရပါတယ် ။ ဘာအတွက် စိတ်မကောင်းဖြစ် ရသလည်းဆိုတော့ အဲဒီလူက ဗုဒ္ဒဘာသာ တရားနဲ့ပါတ်သက်လို့ အတော် လေးလေ့လာဖတ်ရှုထားတာာကို သိလိုက်ရပါတယ် ။ ဒီလောက်လေ့လာ သိရှိထား ပေမယ့် သူလေ့လာတာက စာတွေ့ပါပဲ လက်တွေ့မပါ ပါဘူး ။ သူလေ့လာထားသလောက် သူသိသလောက်သာ လက်တွေ့ကျင့်သုံးကြည့်ခဲ့မယ်ဆိုရင် သူ့အသိတွေဟာ ကျွန်မတို့ သာမန်မိရိုးဖလာ ဘာသာင်တွေထက် အများကြီး သာပါတယ်။

ဒါပေမယ့် နှမျောဖို့ကောင်းတာက သူ့ရဲ့လေ့လာချက်တွေက ဘာသာတစ်ခုရဲ့ အနှစ်သာရကို သိချင်လို့ မဟုတ်ပါဘူး။ အဲဒီဘာသာကို ခုတုံးလုပ်ပီး သူယုံကြည်တဲ့ ဘာသာကို ဆွဲခေါ်သွားချင်တဲ့စိတ် နဲ့ လေ့လာခဲ့တာပါ။

သူဟောပြောခဲ့တဲ့ အကြောင်းအရာတွေထဲက ကျွန်မ လက်လှမ်းမိသလောက် လေ့လာဖတ်ရှုထားတဲ့ အသိ တရားလေးနဲ့ ဥာဏ်မှီသလောက်ဖြေရှင်းထားတာလေးတွေကို ပြောပြချင်ပါတယ်။

လူတိုင်းတော့မဟုတ်ပေမယ့် လူအတော်များများဟာ ကိုယ်တိုင် အပင်ပန်းခံရမှာနဲ့ အဆင်သင့်ရမှာ ဘာကို လိုချင်သလည်းဆို၇င် အဆင်သင့် အသာသင့်လေး ရမှာကို ရွေးချယ်ကြမှာ အမှန်ပါပဲ။ ဒါပေမယ့် မိမိရဲ့ရွေးချယ်မှု မှန်မမှန်ဆိုတာ ဆန်းစစ်ကြည့်ဖို့တော့ လိုအပ်မှာပါ။ ဘယ်အရာမျိုး မဆို ကိုယ်တိုင် လုပ်ဆောင် မကြည့်ပဲနဲ့ အပေါ် ယံလေးသိပြီး မဖြစ်နိုင်ပါဘူးလို့ဆိုရင် မှန်နိုင်ပါ့မလား..။ အလွယ်လမ်းကို လိုက်ချင်ကြတာ လူ့သဘာဝပါ ။ သည်လမ်းက လျှောက်ရင် ရောက်မယ်ဆိုတာ သိပေမယ့် ပင်ပန်းလိုက်တာ ငါ မလျှောက်ပဲနဲ့ အဆင်သင့်ရောက်ချင်လိုက်တာလို့ တွေးပြီး အဲဒီအတိုင်းရပ်နေရင် ဘယ်တော့မှ လိုရာမရောက်ပါဘူး..။ ကိုယ့်ရဲ့ အားထုတ်မှုမပါပဲနဲ့ တစ်ယောက်ယောက်က သူ့ကို ယုံပါ သူ့ကို ယုံကြည်လိုက်တာနဲ့ မင်းသွားလိုတဲ့နေရာကို သည်အတိုင်းထိုင်နေ ရောက်သွား လိမ့်မယ်လို့ပြော ရင် ဖြစ်နိုင်ပါ့မလား။ မည်သည့်အကြောင်းအရာပဲဖြစ်စေ ဖြစ်နိုင်၏ မဖြစ်နိုင်၏ဆိုတာကို ကိုယ်ပိုင်အသိလေး နဲ့ ဝေဖန်သုံးသပ် ဆုံးဖြတ်ပြီးမှ ယုံကြည်ကြစေချင်ပါတယ်။
လောကမှာ ကိုယ်လုပ်မှ ကိုယ်ရတာပါ ။ ဘယ်အရာမှ အလကားမရနိုင်ပါဘူး။
အရာတိုင်းမှာ ထိုက်တန်တဲ့ပေးဆပ်မှုတော့ ရှိကြပါတယ်။
ကိုယ့်ရဲ့ အားထုတ်မှုမပါပဲနဲ့ လောကမှာ အလကားရတာဘာမှ မရှိပါဘူး..။ ဒါပေမယ့် အဲဒီ လူကပြောပါ တယ် လောကမှာ ကိုယ်မလုပ်ပဲရတဲ့အရာတွေ အများကြီးရှိပါတယ်တဲ့ ။
ဥပမာ အနေနဲ့
နေ(sun) မှ ရတဲ့ အလင်းရောင်နဲ့ ပါတ်သက်ပြီး သူကပြောထားပါတယ်.... ။ နေ ကို ကိုယ်ကလုပ် တာလားတဲ့..။ အဲဒီကိစ္စနဲ့ပါတ်သက်ပြီး လောကမှာဘယ်အရာမှ အလကားမရပါဘူး ၊ ကိုယ်လုပ်မှ ကိုယ်ရတယ် ဆိုတာ အမှန်ပါပဲဆိုတဲ့ ကျွန်မရဲ့ ယူဆချက်ကိုပြောပါ့မယ်။

တကယ်တော့ ပိုက်ဆံနည်းနည်းပေးရသည်ဖြစ်စေ အများကြီးပေးရသည်ဖြစ်စေ ဒါမှ မဟုတ် မိမိရဲ့ ဥနှောက် အသိဥာဏ်စွမ်းအားဖြစ်စေ ၊ မိမိ ခန္ဒာကိုယ်ရဲ့ ခွန်အား လုပ်အား စွမ်းဆောင်ချက်နဲ့ဖြစ်စေ ပေးဆပ်ရတဲ့ အရာတိုင်းဟာ အလကားရတာမဟုတ်ဘူးလို့ယူဆပါတယ်။အဲဒီစွမ်းဆောင်ချက် ဆိုတဲ့နေရာမှာ ပင်ပင်ပန်းပန်းနဲ့စွမ်းဆောင်သည်ဖြစ်စေ မပင်ပန်းဘဲ သက်သက်သာသာနဲ့ စွမ်းဆောင်သည်ဖြစ်စေ သဘောတရားကတော့ မိမိ လုပ်အားစိုက်ထုတ်လိုက်ပါပဲ၊ တနည်း ပြောရရင် မိမိကိုယ်တိုင် လုပ်ဆောင်တာပါပဲ ...။


အဲဒီတော့ သူပြောခဲ့တဲ့ “နေ” ရဲ့အလင်းရောင် ဆိုကြပါစို့ --
နေ ဆိုတာ ကိုယ်ကလုပ်ထားတာလားတဲ့။ မဟုတ်ပါဘူး ။ သဘာဝတရားက ရှိနေတဲ့ အရာပဲ။ ဒါပေမယ့် အဲဒီအလင်းရောင်ကိုရရှိဖို့ ကျွန်မတို့ကိုယ်တိုင်လုပ်ယူရတာပါ ။နေရဲ့အလင်းရောင်လို့ သိလိုက်ခံစားလိုက်ရ တာ အဲဒီ အလင်းရောင်ကို မြင်လိုက်လို့ပါပဲ အဲဒီလိုမြင်ဖို့အတွက် ကျွန်မတို့ရဲ့ မျက်လုံးတွေ ပိတ်ထားရင် မြင်နိုင်ပါ့မလား။အဲဒီလို မြင်နိုင်တာ မျက်စေ့ကိုဖွင့်ပြီးကြည့်လိုက်လို့ပါပဲ၊ မျက်စေ့နဲ့ကြည့်လိုက် တယ်ဆိုတဲ့ စွမ်းဆောင်ချက်ကြောင့် အဲဒီအလင်းကို မြင်ရတာပါပဲ။


နောက်တစ်မျိုးထပ်ပြောပါဦးမယ်...။လေဆိုတာ အလကားရတာပဲလို့ပြောကြပါသေးတယ်...။ သူလည်းတူတူ ပါပဲ လေရှိလို့ ကျွန်မတို့အားလုံး အသက်ရှင်သန်ခွင့်ရနေတာပါ။ အဲဒီလေကိုလည်း အလကားမရပါဘူး။ အလကားမရဘူး ဆိုတော့ ပိုက်ဆံနဲ့ပေးဝယ်နေရလို့လားလို မေးစရာရှိပါတယ်၊ ပိုက်ဆံနဲ့တော့ ပေးမ၀ယ်ရ ပါဘူး။ ဒါပေမယ့် အဲဒီလေကို ရှုသွင်းဖို့ ရှိုက်ထုတ်ဖို့ ကျွန်မတို့ စွမ်းဆောင်ရတာပဲ မဟုတ်ပါလား။


သဘာဝကပေးအပ်ထားတဲ့ အရာတွေကို ကျွန်မတို့ စွမ်းဆောင်ချက်နဲ့ ရယူနေကြတာပါ သည်အရာတွေဟာ အလကား ရတာ မဟုတ်ပါဘူး..။ ကိုယ်ကိုယ်တိုင်လုပ်ဆောင်မှုနဲ့ ရကြတာပါ...။

နောက်ထပ် ထင်ရှားအောင် ဥပမာ ပြောပြပါ့မယ်။ အသက်မရှိတော့တဲ့ လူသေအလောင်းမှာ ဘာမှ စွမ်းဆောင် နိုင်ခြင်းမရှိတော့ပါဘူး။ အဲဒီလူသေဟာ နေရဲ့အလင်းရောင် ကို မြင်နိုင်ပါတော့ မလား လေကိုရော ရှုသွင်း ရှုထုတ် လုပ်နိုင် ပါဦးမလား။ အဲဒီတော့ သူမလုပ်ပဲနဲ့ အဲဒီအရာတွေ ရနိုင်ပါ့မလား။မရနိုင်တော့ဘူးဆိုရင် နေရဲ့ အလင်းရောင်တွေ လေတွေ ပျောက်ကွယ်ကုန်လို့လားဆိုတော့ မဟုတ်ပါဘူး။ သူက အဲ့ဒီအလင်းကိုမြင်ဖို့ မစွမ်းဆောင်နိုင်လို့ အဲဒီလေကို ရှုသွင်း ရှုထုတ်နိုင်ဖို့ မစွမ်းဆောင် နိုင်လို့ မရရှိတော့တာပါ။
 
အဲဒီအခြေအနေမှာ သေသူကတော့ မလုပ်ဆောင်နိုင်တော့ဘူး။သေတဲ့သူက ငါ့ကို ယုံကြည်တဲ့သူဖြစ်လို့ ငါက သူ့ကိုယ်စား လေကို ရှုရှိုက်ပေးမယ် ဆိုရင်သေတဲ့သူက လေကိုရှုနိုင်မှာလား။ အဲဒီတော့ ဘယ်အကြောင်းအရာပဲ ဖြစ်ဖြစ် ကိုယ်ကိုယ်တိုင် မလုပ်ပဲနဲ့ရတာတွေ ဖြစ်နိုင်ပါ့မလား၊ မိမိ ကိုယ်တိုင်လုပ်ဆောင်ချက်မပါပဲ ရနိုင်ပါ့မလား ဆိုတာ စဉ်းစား ကြည့်ဖို့ လိုပါတယ်။ သဘာဝတရားကြီးကတော့ နေရဲ့အလင်းရောင်တွေ လေတွေ ကို ဘယ်ဘာသာ ဘယ်လူမျိုးအတွက် လို့သတ်မှတ်ချက်နဲ့ ပေးထားတာမဟုတ်ပါဘူး။ သူ့သဘာဝနဲ့သူတည်ရှိနေတဲ့ သည်အရာတွေကို လူသားအားလုံး ကိုယ်စီစွမ်းဆောင်ချက်နဲ့ ရယူနိုင်ကြပါတယ်။လောကမှာ သဘာဝတရားကပေးအပ်ထားတဲ့ ကျွန်မတို့ မသိသေးတဲ့ အရာ တွေများစွာရှိနေပါတယ်။အဲဒီအရာတွေကို ကျွန်မတို့လုသားတွေ ကိုယ်ပိုင်စွမ်းဆောင်ချက်နဲ့ဖော်ထုတ် ရယူနိုင်ကြပါတယ်။

ဒါ့ကြောင့် လောကမှာ ဘယ်အရာမှ အလကားမရနိုင်ပါဘူး (တနည်းအားဖြင့်) ကိုယ်တိုင်မလုပ် ပဲနဲ့မရနိုင်ပါဘူး လို့ပြောတာပါ။ ကိုယ်လုပ်မှ ကိုယ်ရတာပါ။
အဲဒီသူကပြောထားပါတယ် ကျွန်မတို့ မြတ်စွာဘုရားရှင်က သူကိုယ်တိုင် လွတ်မြောက်ရာလမ်းကို ရှာဖွေတွေ့ ရှိခဲ့ပြီး ကျင့်ကြံလွတ်မြောက်သွားခဲ့တာမှန်ပါတယ်တဲ့။ ဒါပေမယ့် သတ္တ၀ါတွေအားလုံးကို ကယ်တင် မသွားနိုင်ခဲ့ပါဘူးတဲ့။ နည်းလမ်းပဲပေးခဲ့ပြီး ကိုယ်ကိုယ်တိုင်လုပ်မှရနိုင်မှာပါတဲ့ ။ 
ဘုရားရှင်သက်တော်ထင်ရှားရှိခဲ့တဲ့ အချိန်တုန်းကတောင်မှ သူ့အနားမှာရှိတဲ့ သာဝကတွေအားလုံးကိုတောင် လွတ်မြောက်အောင် ကယ်တင်မသွားနိုင်ပါဘူးတဲ့...။
 
အဲဒီအကြောင်းနဲ့ပါတ်သက်ပြီး ကျွန်မ နားလည်သလောက် လေ့လာမှတ်သား ထားခဲ့သလောက် ဆွေးနွေး တင်ပြ ရရင် ( ချမ်းမြေ့ဆရာတော်ကြီး ဟောကြားခဲ့တဲ့ တရားတော်ထဲက ပြန်တင်ပြထားပါတယ် အကျယ်ကို သိမှတ်ချင်ရင်တော့ ကလေးမြို့ခရစ်ယာန်အသင်းတော်များကောင်စီ၏ ပင့်ဖိတ်ချက်အရ ဟောကြားခဲ့တဲ့ ဆင်းရဲငြိမ်းအေး ချမ်းသာရေး တရားတော်စာအုပ်မှာ လေ့လာဖတ်ရှု့နိုင်ပါတယ်။)
 
ကျွန်မတို့ ဗုဒ္ဓတရားဆိုတာ သဘာဝရဲ့တရားပါ ဗုဒ္ဓကိုယ်တိုင်ပိုင်တဲ့တရားမဟုတ်ပါဘူး။ သဘာဝကပိုင်တဲ့တရား ပါ။ ဗုဒ္ဓ္ဒမပေါ်ထွန်းမီကာလ ကတည်းက ရှိနေပြီးသား သဘာဝတရားပါ.။ ဒါကို ဗုဒ္ဓ္ဒက တွေ့ရှိခဲ့တာပါ။ ဖြစ်ပေါ် ပြီးပျောက် ပျောက်သွားတတ်တဲ့ သဘာဝဖြစ်စဉ်၊ အမြဲတန်း ပြောင်းလဲနေတဲ့ သဘာဝဖြစ်စဉ်ကို ဗုဒ္ဓက တွေ့သိ ဖော်ထုတ်ခဲ့ပါတယ်။ အမြဲမပြတ် ဖြစ်ပေါ်ပြီး ပျောက်ပျောက်သွားလို့ မတည်မမြဲ ပြောင်းလည်းနေတဲ့ အနိစ္စ သဘာဝ တရားကို ကိုယ်တော်တိုင် ကျင့်ကြံအားထုတ် တွေ့ရှိခဲ့ပါတယ်။ ဗုဒ္ဓ္ဒရှင်တော်မြတ်က စတင် တွေ့ရှိခဲ့ တာ ဖြစ်တဲ့အတွက် တွေ့ရှိတဲ့ ပုဂ္ဂိုလ်ကို အစွဲ ပြုပြီး ဗုဒ္ဓ္ဒတရားလို့ခေါ်တာပါလို့မှတ်သာရပါတယ်။
ဥပမာ - ( Graviatation) ခေါ်တဲ့ မြေကြီးရဲ့ ဆွဲငင်အားကို ဆာအိုက်ဇက်နျူတန်က စပြီးတွေ့ရှိခဲ့ပါတယ်တဲ့ ။ အဲဒီဆွဲငင်အားဟာ သူတွေ့တဲ့ အခါမှ ပေါ်လာတာမဟုတ်ပါဘူး ။ ရှေးကတည်းက ရှိနေတဲ့ ဆွဲငင်အား သဘောတရားကို နျူတန်က စတင်တွေ့ရှိခဲ့လို့ အဲဒီဆွဲငင်အား သဘောတရားကို နျူတန်ရဲ့ နိယာမ (နျုတန်ရဲ့ တရား) လို့ခေါ်ခဲ့တာပါ ။ နျူတန်ပိုင်တဲ့ သဘောမဟုတ်ပါဘူး ။ သူတွေ့ခဲ့တဲ့ သဘာဝမျှသာဖြစ်ပါတယ် လို့ ဆရာတော်ကြီးက အားလုံးနား လည်အောင် ဟောပြခဲ့ပါတယ်။

အဲဒီတော့ ကျွန်မတို့ ရဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ သူတွေ့ရှိခဲ့တဲ့ ဒီတရားတွေကို လူသားအား လုံးကို လွတ်မြောက်စေချင်လို့ကျင့်ကြံအားထုတ်နိုင်ဖို့ ဟောပြောညွှန်ပြခဲ့ပါတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ နည်းလမ်းပေးခဲ့တယ်လို့ပြောရမှာပါပဲ။

ကိုယ်ကိုယ်တိုင် ကျင့်ကြံအားထုတ် မှ ရနိုင်မယ်ဆိုတာလည်း အမှန်ပါပဲ ။ ဘယ်သူ ကိုမှလည်း မျက်နှာလိုက် အပိုအလို မဟောခဲ့ပါဘူး။ တစ်ခုတည်းသော လမ်းကိုသာ ညျွှန်ပြဟော ကြားခဲ့ပါတယ်။
(ဘုရားရှင်သက်တော်ထင်ရှား ရှိခဲ့တဲ့ အချိန်တုန်းကတောင်မှ သူ့အနားမှာရှိတဲ့ သာဝကတွေအားလုံး ကိုတောင် လွတ်မြောက်အောင် ကယ်တင် မသွားနိုင်ပါဘူးတဲ့ ..။ သူကအဲလိုပြောထားပြန်ပါတယ်)
အဲဒီ အကြောင်းအရာကို နားလည်အောင် အနီးစပ်ဆုံး ရှင်းပြရမယ်ဆိုရင် စာသင်ခန်းတစ်ခုထဲ မှာ ကျောင်းသား အယောက် သုံးဆယ်ကို ဆရာတစ်ယောက်က ဘာသာရပ်တစ်ခုကို သင်ကြားနေတယ် ဆိုပါစို့ ။ သည်ဘာသာရပ် တစ်ခုကိုပဲ တစ်ချိန်ထဲ တစ်နေရာထဲမှာ တူတူညီညီ သင်ကြားပေးပါမယ်။ တူတူညီညီ တစ်ချိန်ထဲမှာ သင်ကြားလိုက်တဲ့ ဘာသာ ရပ်ကိုပဲ စာမေးပွဲဖြေခိုင်းမယ် ဆိုရင် ကျောင်းသားအယောက်သုံးဆယ်ရဲ့ ရမှတ်တွေဟာ အားလုံးတူညီနေမယ်လို့ ထင်ပါသလား။ တူညီနေမယ် ဆိုတာရော ဖြစ်နိုင်ပါ့မလား ။ ဘယ်လိုမှ မတူညီနိုင်ပါဘူး ။ ဘာဖြစ်လို့ မတူညီနိုင်ရတာပါလဲ ဆရာက မျက်နှာလိုက် သင်ကြားပေးတာရှိလို့လား မဟုတ်ပါဘူး ။ ဒီစာသင်ခန်းတစ်ခန်းထဲမှာပဲ တူညီတဲ့ ဘာသာရပ်ကို အချိန်ကာလ တူတူညီညီ သင်ကြား ပေးခဲ့တာပါ ။ မတူညီရတဲ့ အကြောင်းအရင်းကတော့ နာယူမှတ်သား တဲ့သူအပေါ်မှာ မူတည်လို့ပါပဲ ။ ဥာဏ်ရည်နဲ့ ဇွဲ လုံ့လ ၀ိရိယ အားထုတ်မှု အပ်ါမှာ မူတည်နေလို့ ပါပဲ။

အဲဒီသဘောတရားလိုပါပဲ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကတော့ အားလုံးကို ဒီလမ်းစဉ် ဒီတရားတွေပဲ ဟောပြောညွှန်ပြပေးခဲ့တာပါ။ နာယူ လိုက်နာကျင့်သုံးတဲ့ သူတွေ အပေါ်မူတည်ပြီး လွတ်မြောက်တဲ့သူ မလွတ်မြောက်နိုင် တဲ့သူ ကွဲပြားသွားတာပါ။
ကျွန်မတို့ ဘုရားရှင်က နည်းလမ်းသာပေးခဲ့ပြီး မကယ်တင်နိုင်ပါဘူးတဲ့ ကိုယ်လုပ်မှ ကိုယ်ရမှာတဲ့ သူတို့ရဲ့ ကယ်တင်ရှင်ကတော့ လူတွေကိုမေတ္တာတရားနဲ့ စောင့်ရှောက်ကယ်တင်နိုင်ပါတယ်တဲ့ သူ့ကိုယုံကြည်တဲ့ သူကို ကယ်တင် ပါတယ်တဲ့ ယုံကြည်တယ်ဆိုရင်ပဲ ကိုယ်တိုင် မလုပ်ပဲလွတ်မြောက်နိုင်ပါတယ်တဲ့....။
ကျွန်မတို့ ဗုဒ္ဒကို ယုံကြည်လို့ လွတ်မြောက်မယ်တဲ့ ဒါပေမယ့် ကိုယ်တိုင်ကျင့်ကြံအားထုတ်ရမယ် ။အဲလိုပဲ ယေရှုကို ယုံကြည်ရင်လည်း လွတ်မြောက်မယ် ... ကိုယ်တိုင်လုပ်စရာမလိုဘူးတဲ့ ...။
သူပြောခဲ့တာက “ယုံကြည်ရင် လွတ်မြောက်မယ်” တဲ့ ။ အဲဒီ အကြောင်းလေးကို ရှင်းပြရရင်..
ဘာသာတရားကို ကိုးကွယ်ကြတဲ့နေရမှာ အခြားဘာသာတရားတွေက ယုံကြည်မှု သဒ္ဒါကို အခြေခံပါတယ်။ ကျွန်မတို့ ဘာသာကတော့ ယုံကြည်မှု သဒ္ဒါ အပြင် ဆန်းစစ်မှု ပညာကိုပါ ပေါင်းစပ်ထားပါတယ်။ ဘုရားရှင် ကိုယ်တော် မြတ်ကြီးက ငါပြောတာ အမှန် ငါပြောတာ ယုံရမယ် လို့ ဟောပြော ဆုံးမ မထားပါဘူး..။ ကိုယ်တိုင်ကျင့်ကြံ အားထုတ် စေခဲ့တာပါ..။ အဲဒီလို ကျင့်ကြံအားထုတ်စေတဲ့နေရာမှာလည်း ငါ့ အမျိုးနွယ်မှ ငါ့ ဘာသာဝင်မှ အဲဒီလိုမျိုး မခွဲခြားခဲ့ပါဘူး။ ဘယ်ဘာသာ ပဲဖြစ်ဖြစ် ၊ ဘယ်လူမျိုးပဲဖြစ်ဖြစ် ဒီနည်းလမ်း အတိုင်း အကျင့်မှန် လမ်းမှန်ကိုသာ ကျင့်မယ်၊ စိတ်ထဲက ဘာပဲယူဆယူဆ ဒီအကျင့်အတိုင်းကိုတော့ကျင့် မယ် ၊ အမှန်တကယ်ကျင့်မယ် ဆိုရင် လွတ်မြောက် နိုင်မှာပါ..။

ဒီလမ်းညွှန်း အတိုင်းဆုံးအောင်လျှောက်သွားရင်ပန်းတိုင်ရှိရာကို ရောက်မယ်ဆိုပါစို့..။ အဲဒီလမ်းအတိုင်း မလွဲမသွေ လျှောက်သွားရင် ဗမာလူမျိုးသွားလည်းရောက်မှာပဲ တရုတ်လူမျိုးသွားသွား ကုလားလူမျိုသွားသွား ဘယ် ဘာသာ ဘယ်လူမျိုးပဲသွားသွား အဲဒီပန်းတိုင်ကို ရောက်ကြမှာပါပဲ ။ အဲဒီလို သေချာတဲ့ လမ်းညွှန်မှုကို ပြနိုင်မှသာ ပန်းတိုင်ကို ဘယ်သူမဆို လျှောက်လှမ်းနိုင်မှာပါ ။ ဒီလိုမှ မဟုတ်ပဲ ဟိုနေရာမှာတော့ ပန်းတိုင်ရှိတယ် ငါပြောတာ ကိုယုံကြည်ရင် မင်း ဒီအတိုင်းပဲနေ အဲဒီပန်းတိုင်ကို ရောက်လိမ့်မယ်ဆို၇င် ထိုင်နေရင်းနဲ့ အဲဒီပန်းတိုင်ကို ရောက်နိုင် မရောက်နိုင် စဉ်းစားဝေဖန်သုံးသပ် ကြည့်ကြစေချင်ပါတယ်..။
ကျွန်မမိတ်ဆွေ တရားသူကြီးတစ်ယောက်က ပြောဖူးပါတယ်။ သမီးရေ လူတစ်ယောက်က အားနာပါတယ်လို့ ပြောတာကြားမိတဲ့အခါ ပြောတဲ့သူကို မမြင်ရရင်လည်း လှည့်မကြည့်ပါနဲ့ အဲဒီသူဟာ မြန်မာလူမျိုး တစ်ယောက် ဆိုတာသေချာပါတယ်တဲ့ ။ ကံ ကံ၏အကျိုးလို့ ပြောလိုက်ရင်လည်း အဲဒီလူဟာဗုဒ္ဒဘာသာပဲတဲ့။ ဟုတ်ပါတယ် ကျွန်မတို့ ဘာသာဝင်တွေဟာ ကံကံ၏ အကျိုးကို ယုံကြည်ကြပါတယ် ကံဆိုတာ ကိုယ်ကပြုလုပ်တာပါပဲ ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရသလို မကောင်းတာလုပ်ရင် မကောင်းကျိုးခံစားရမှာအမှန်ပါပဲ ကိုယ်ပြုတဲ့ကံ ကိုယ်သာခံရမှာပါ။

လုတစ်ယောက်က အပြစ်တစ်ခု လုပ်မိတယ်ဆိုပါစို့ အဲဒီသူလုပ်တဲ့ အပြစ်ကို သူ့ကိုယ်စားဘယ်သူကမှဝင်ပြီး ခံယူလို့မရပါဘူး ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါ ပစ္စည်းခိုးတယ်ဆိုပါစို့ အဲဒီခိုးတဲ့သူကို မိသွားတဲ့အခါ အခြားသူ တစ်ယောက်က သူ့အပြစ်ကို ကျွန်တော်က ခံယူပါ့မယ်။ သူ့ကိုလွတ်ပေးပါ လို့ ပြောလို့ရနိုင် ပါ့မလား ပြုလုပ်တဲ့သူပဲ ခံယူ ရပါတယ် ကယ်တင်ရှင်လည်း မတတ်နိုင်ပါဘူး။

အဲဒီသူက ဆက်ပြောထားပါသေးတယ် လူကရော ကိုယ့်ကိုယ်ကို လုပ်လို့ရတာလားတဲ့ သူပြောချင်တာက ဘုရားသခင်က ဖန်ဆင်းထားတာပဲပေါ့ ဖန်ဆင်းထားသည်ပဲ ဆိုကြပါစို့၊ သူတို့ဘုရားသခင် ကမေတ္တာတရားနဲ့ ကယ်တင် နေတဲ့ကယ်တင်ရှင်လို့ သူကပြောပါတယ် အဲဒီလိုဆိုရင် ကျွန်မပြောချင်ပါတယ်မေတ္တာထားတယ်ဆိုတာနဲ့ ပတ်သက်လို့ပေါ့။

 မေတ္တာဆိုတာ မျက်နှာလိုက်တတ်သလား ဆိုတာပါပဲ စဉ်းစားကြည့်ပါ သူဖန်ဆင်းတယ်ဆိုတဲ့ လူတွေမှာ ချမ်းသာတဲံ့ သူ ဆင်းရဲတဲ့သူ ရုပ်လှတဲ့သူ ရုပ်မလှတဲ့သူ ဥာဏ်ကောင်းတဲ့သူ စဉ်းစားဥာဏ်မဲ့တဲ့သူ မွေးရာပါ ကိုယ်လက်အင်္ဂါချို့ တဲ့သူတွေ ၊ အဲဒီလို အစရှိတဲ့ ကွာခြားမှုတွေ အများကြီးပါပဲ အဲဒီလို ဘာကြောင့်များ ကွာခြားနေရပါသလဲ အဲဒီတော့ မျက်နှာလိုက်တဲ့ ဖန်ဆင်းရှင်ဟာ သမာသမတ်ကြတယ် လို့ပြော နိုင်ပါ့မလား။ အဲဒီလို သမာသမတ်မကြတဲ့ ဖန်ဆင်းရှင်ဟာ အားလုံးကို မေတ္တာနဲ့ကယ်တင်ပေးနေ တယ်ဆိုတာ ယုံကြည်လို့ရနိုင်ပါ့မလား ။

လူသားအားလုံးကို ဖန်ဆင်းရုံမက လူသားအားလုံးကို ချစ်တော်မူသော ချစ်ခြင်းမေတ္တာကို အပြောမဟုတ် လက်တွေ့ပြတော်မူသော မေတ္တာတော်အရှင် ကယ်တင်ရှင်ဘုရား ... ဆိုတာကို ကျွန်မတို့ ဘယ်လိုနည်းလမ်းနဲ့ယုံကြည် ကြမလဲဆိုတာ စဉ်းစားချင့်ချိန်နိုင်ဖို့ လိုအပ်ပါတယ်။

ကျွန်မတို့ မြတ်စွာဘုရားကတော့ သတ္တ၀ါတွေ အပေါ်ကို ကျောသားးရင်သား မခွဲခြားပဲ သာတူညီမျှ မေတ္တာ ထားခဲ့ပါတယ်။ အားလုံးကို လွတ်မြောက်ရာလမ်းဟောပြော ညွှန်ပြပေးခဲ့တဲ့နေရာမှာလည်း အားလုံးကို တပြေးညီ ဟောကြားခဲ့ပါတယ်။ သူကတော့ အားမထုတ်ပဲနဲ့ လွတ်မြောက်စေ သူကတော့ ပင်ပင်ပန်းပန်း အားထုတ်ပြီးမှ လွတ် မြောက် စေလို့ မခွဲခြားခဲ့ပါဘူး ကိုယ်တိုင်လုပ်မှ ရမှာပါ ။

ကိုယ်တိုင်ပြုလုပ်သလောာက် ကိုယ်တိုင် အကျိုးခံစားရမှာပါ လွတ်မြောက်အောင် ကျိုးပမ်းအားထုတ်ရင် လွတ် မြောက်မှာပဲ။ ဒီအတိုင်းနေလို့ ဘယ်လိုမှ မလွတ်မြောက်နိုင်ပါဘူး ။ ချမ်းသာတဲ့သူလည်း ချမ်းသာစေနိုင်တဲ့ အကြောင်း ပြုခဲ့လို့ ချမ်းသာတဲ့ အကျိုးကို ခံစားရတာပါ ။ ဒီလိုပဲ ဆင်းရဲစေနိုင်တဲ့ အကြောင်းပြုခဲ့လို့ ဆင်းရဲတဲ့အကျိုးခံစားရတာပါ ဒါတွေက ကိုယ်ပြုခဲ့တဲ့ ကံကြောင့်ပါပဲ။ မကောင်းမှုတွေပြုလုပ်ပြီး ကောင်းတဲ့အကျိုးခံစားချင်လို့မရနိုင်ပါဘူး။
ကိုယ်ပြုသမျှ ကံ ကိုယ်ခံရမှာပါ။ အဲဒါကြောင့် ကံ ကံ၏အကျိုးဆိုတာကို ကျွန်မတို့ ယုံကြည်လက်ခံကြတာပါပဲ။
 
ဒီအကြောင်းတရားတွေကိုလေ့သာ သိရှိထားပြီးဖြစ်ပေမယ့် ကိုယ်လိုရာကိုဆွဲပြီး သူများဘာသာကို ပုတ်ခတ် စော်ကားတာဟာ အရမ်းရှက်ဖို့ကောင်းပါတယ်။သည်စီဒီခွေကို ဟောတဲ့နေရာက အခြား တိုင်းပြည်မှာပါ။ အဲဒီတိုင်းပြည်မှာ စီးပွားရှာဖို့ရောက်နေကြတဲ့ ကျွန်မတို့ရဲ့ လူငယ်လူရွယ်တွေဟာ မိဘအုပ် ထိန်းမှုနဲ့ဝေးပြီး ဘာသာတရားရဲ့ အဆုံးအမနဲ့ ကင်းကွာနေကြပါတယ်။ အဲဒီအခြေအနေကို အခွင့်ကောင်း ယူပြီး အပြောကောင်းကောင်းနဲ့ မက်လုံးပေး မြူဆွယ် နေတဲ့ သူတွေရဲ့ စကားအောက်မှာ တံလျှပ် ကို ရေထင်ပြီး ရွှေသမင်အလိုက်လွဲသွားမှာစိုးလို့သည် ဆောင်းပါးလေးကို ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။

သူများဘာသာကို ပုတ်ခတ်စော်ကားလိုတဲ့ စိတ်ဆန္ဒမရှိပါဘူး။ အသိတရား နုနယ်တဲ့ လူငယ်၊လူရွယ်ကလေးတွေကို စဉ်းစားချင့်ချိန် ယုံကြည်တတ်စေချင်တဲ့ စိတ်ဆန္ဒနဲ့ ရေးသားခြင်းသာဖြစ်ပါ တယ်။

ကျွန်မတို့ဘာသာဝင်တွေရဲ့ လျှောက်လှမ်းရမယ့် ပန်းတိုင်ကို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက မီးမောင်း ထိုးပြပြီးသားပဲမို့ ကျွန်မတို့မှာ ကိုယ်ပိုင်အလင်းရောင်ပိုင်ဆိုင်ပြီးသားဖြစ်ကြပါတယ်။ သူတစ်ပါးဆီက မမြင်ရတဲ့အလင်းကို မျှော်လင့်နေရမယ့် သူတွေမဟုတ်တဲ့အတွက် ယုံကြည်ချက် ခိုင်မာစွာနဲ့ ကိုယ်ပိုင်အလင်းရောင်ဖြန့်ကျက်ရင်း ပန်းတိုင် အရောက် လျှောက်လှမ်းကြပါစို့လား။
စစ်မှန်တဲ့ထေရ၀ါဒသာသနာမြတ်နိုးထိန်းသိမ်းနိုင်ပါစေ

မီမီဦးခင်(ဥသျှစ်ပင်)

(မှတ်ချက်။     စာရေးသားသူ မမီမီဦးခင်(ဥသျှစ်ပင်)၏ ဓါတ်ပုံဖြင့် မျှဝေဖော်ပြခြင်းဖြစ်ပါတယ်...။

No comments:

Post a Comment