“စေတနာပန်းခင်းရဲ့ မိသားစု စိတ်ဓါတ်ဆိုတာ”

စေတနာပန်းခင်းမှာ လုပ်ငန်းပိုင်ဆိုင်ရာ ခွဲခြားမှုတွေ၊ တာဝန်ပိုင်းဆိုင်ရာ ခွဲခြားမှုတွေ ရှိမှာဖြစ်သော်လည်း စိတ်ဓါတ်ပိုင်းဆိုင်ရာ ခွဲခြားမှုတော့ လုံးဝရှိလာမည်မဟုတ်ပါ၊ ရှိလာလျှင်လည်း စေတနာပန်းခင်းက လက်ခံမည်မဟုတ်ပါ။

ယခုလောလောဆယ် အခြေနေ အရ  စေတနာပန်းခင်းမှ ရှေ့ထွက်ပြီး အလုပ်လုပ်နေရသူတွေရှိသလို ကျန်သူများကလည်း  နောက်ပိုင်းက စိတ်ရော၊ ကိုယ်ရော ပံ့ပိုးနေရတာပါ။ စေတနာပန်းခင်းမှာ ဘယ်သူကတော့ အရေးကြီးပြီး ဘယ်သူကတော့ သိပ်အရေးမပါဘူးဆိုတာ လုံးဝ မရှိစေရပါဘူး။ (ကိုချစ်ဝင်းစကားနဲ့ ပြောရရင်) စေတနာပန်းခင်းဟာ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုလိုပါပဲ၊ တစ်ခုမှ မရှိလို့ မဖြစ်ပါဘူး၊ တစ်ခုခု ချို့တဲ့သွားတာနဲ့ လစ်ကွက်တွေ၊ ဟာကွက်တွေ ဖြစ်လာမှာပါ။

သို့ကြောင့် စေတနာပန်းခင်းမှာ အားလုံးဟာ မရှိမဖြစ် လည်ပါတ်နေရတဲ့ အင်ဂျင်တစ်ခုရဲ့ အစိပ်အပိုင်း များအဖြစ် နားလည်ကြစေလိုပါတယ်၊ အင်ဂျင်တစ်ခုမှာ အသေးဆုံးဖြစ်တဲ့ ၀က်အူလေး တစ်ချောင်း မှ ပြုတ် ထွက်သွားလို့ မရပါဘူး၊ သူ့ကို သေးသေးလေးပဲ ဆိုပြီး ပြစ်ပယ်လိုက်တာနဲ့ ဒီအင်ဂျင်ရဲ့ လည်ပါတ်မှုအားလုံး ဟာ ရပ်တံ့သွားမှာပါ။ ဒါကြောင့် “ငါတို့ကတော့ ဘာမှ မလုပ်နိုင်ဘူး၊ သူတို့ကတော့ လုပ်နိုင်တယ်၊ ငါတို့ မရှိလည်း ဖြစ်ပါတယ် ”ဆိုတဲ့ အားငယ်တဲ့ စိတ်မျိုးမမွေးစေချင်ပါဘူး၊ အားလုံးဟာ စေတနာပန်းခင်းအတွက် မရှိမဖြစ်တွေပါ။

အလင်းအိမ် ဘုန်းဘုန်းအနေနဲ့လည်း တစ်ခါတစ်ရံ တစ်စုံတစ်ဦးသော ပုဂ္ဂိုလ်ရဲ့ လုပ်ဆောင်မှုကို ထုတ်ဖော်ပြောတဲ့ အခါ ဂုဏ်တင်ပြောခြင်းမျိုးမဟုတ်ပဲ၊ အင်ဖော်မေးရှင်းအနေနဲ့ အသိပေးပြောဆိုခြင်းမျှ သာ ဖြစ်တယ်ဆိုတာ နားလည်ပေးစေချင်ပါတယ်။ ထိုပုဂ္ဂိုလ်ကလည်း “ငါက လုပ်နိုင်လို့ ဘုန်းဘုန်းက ငါ့ကို ဦးစားပေးတယ်”ဆိုတဲ့ စိတ်မျိုး ဘယ်တော့မှ မွေးမှာ မဟုတ်ပါဘူး၊ အဲဒိစိတ်မရှိလို့သာ စေတနာပန်းခင်းမှာ ကိုယ်ကျိုးစွန့်လုပ်နိုင်ကြတာပါ၊ တစ်ကယ်တော့ လောက အကျိုးပြု၊ သာသနာအကျိုးပြုလုပ်ငန်းတွေ လုပ်တယ်ဆိုတာ

၁.လောက၊ သာသနာ အကျိုးသယ်ပိုးနိုင်ရေး၊
၂. မိမိ စိတ်ဓါတ်လေး အေးချမ်းမှုရရှိရေးနှင့်
၃. အပြစ်ကင်းသော အလုပ်ဖြစ်ရေး သည်သာ အဓိက ကျပါတယ်။

အလုပ်တွေ အများကြီး ပြီးဘို့ အဓိကမဟုတ်ပါဘူး၊ အလုပ်တွေတော့ အများကြီး ပြီးပါရဲ့ ထိုလုပ်ငန်း များကို ဆောင်ရွက်နေသူတွေရဲ့ စိတ်က မငြိမ်းချမ်းနိုင်ဘူးဆိုရင် ဒါတစ်ခုခုတော့ လွဲနေပါပြီ...ပြင်သင့် တာ ပြင်ရတော့မှာပါ။ ဒါကြောင့် စေတနာပန်းခင်း မိသားစုများအနေဖြင့် လုပ်ငန်းဆောင်တာ ကွဲပြား မည်ဖြစ်သော်လည်း “ဘယ်သူက အရေးဘယ်လောက်ကြီးတယ်၊ မရှိမဖြစ်ဘူး၊ ဘယ်သူကတော့ သိပ်အရေး မကြီးဘူး၊ မရှိလည်း ဖြစ်တာပဲ” စတဲ့ ကွဲပြားမှုမျိုးဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ “ငါတို့က   ရှေ့ထွက်ပြီး  အလုပ်လည်း မလုပ်နိုင်ဘူး၊ သိပ်လည်း မလှူနိုင်ဘူး”ဆိုတဲ့ အားငယ်တဲ့ အတွေး  တွေ လည်း မတွေးစေချင်ပါဘူး။ အားလုံးဟာ စေတနာပန်းခင်းအတွက် မရှိမဖြစ်တွေပါ။ အချုပ်အနေအားဖြင့်တော့ “စေတနာပန်းခင်းဟာ ကိုယ်ကွဲသော်လည်း စိတ်မကွဲတဲ့ မိသားစုများ”ဆိုတာ ရင်ထဲမှာ ထည့်ထားပြီးတော့ လောက၊ သာသနာအကျိုးများအတွက် အသက်ထက်ဆုံး လက်တွဲပြီး ရှေ့ဆက်ကြပါလို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်....။

မေတ္တာဖြင့်....
ဥက္ကဋ္ဌ
အလင်းအိမ်(စေတနာပန်းခင်း)
13.12. 2011

No comments:

Post a Comment