“ခေတ်လူငယ်နှင့် မွေးစားယဉ်ကျေးမှု”

အချို့၊ အချို့သော မြန်မာ့ ရိုးရာ အစွဲအလမ်းတွေဟာ လူငယ်တွေရဲ့ တက်လမ်းတွေကို ပိတ်ဆို့ထား တတ်တယ်ဆိုတာ မှန်ပါတယ်၊ ဥပမာ ခရီးသွားရင် အချိန်မမေးရ၊ အိမ်ဆောက်ရင် နဂါးခံတွင်း လွတ်အောင်ရှောင်ရမယ် ...စတာတွေပါ၊ သို့သော်လည်း ရိုးရာ အစွဲအလမ်းနဲ့ ယဉ်ကျေးမှု အစဉ်အလာ ကိုတော့ ခွဲခြားပြီး နားလည်ရမှာပေါ့။ အစွဲအလမ်းနဲ့ အစဉ်အလာ ယဉ်ကျေးမှုကို နားမလည် တဲ့ ခေတ်လူငယ်တွေလေးတွေဟာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုတွေကို အကြောင်းမဲ့ စတင်တိုက်ခိုက်လာကြ တယ်၊ ဥပမာ တစ်ဦးနဲ့ တစ်ဦး တွေ့ကြတဲ့အခါ “နေကောင်းရဲ့လား” လို့ နှုတ်ဆက်တတ်ကြပါတယ်၊ အလွန်ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုတစ်ခုပါ။ ဒါကို တစ်ချို့က “အဓိပ္ပါယ်မရှိဘူး၊ နေမကောင်း မှ တွေ့မလား” စတဲ့ အကြောင်း ပြချက်တွေနဲ့ ထိုယဉ်ကျေးမှုကို ပယ်ချင်ကြတယ်၊ “မင်္ဂလာပါ ” ဆိုတဲ့ စကား ဟာလည်း ကျောင်းခန်းထဲမှာပဲ ပြောရမယ် လို့ ပြဌာန်းထားတယ် လို့ ထင်မှတ်ကြသလားမသိ၊ မင်္ဂလာပါလို့ ပြောသူကို ကြောင်တက် တက်နဲ့ ၀ိုင်းကြည့်ကြတယ်။


ထို ချစ်စရာ မြန်မာ့ယဉ်ကျေးမှုများကို ပစ်ပယ်ချင်ကြတဲ့ သူတွေ အချို့ဟာ “မွေးစား ယဉ်ကျေးမှုများဖြစ်တဲ့ How r U? Good morning,” စတဲ့ စကားတွေကိုတော့ အထင်ကြီးလေးစား စွာ ပြောဆိုနေတတ်ကြပြန်တယ်။ တန်ဘိုးရှိတဲ့ ကိုယ့်ယဉ်ကျေးမှုကိုယ် တန်ဘိုးနားမလည်တဲ့ သဘောတွေပါ၊ ဧည့်သည်တစ်ယောက် အိမ်ရှင်များ ထမင်းဝိုင်းနား ရောက်လာတဲ့ အခါ အိမ်၇ှင်များဟာ ဧည့်ဝတ်ကျေပွန်စွာ “ထမင်းစားသွားပါဦး လား” လို့ ဧည့်ဝတ်ပြုတတ်ကြပါတယ်၊ ဒါကိုလည်း တစ်ကယ်စားရင် ကြွေးမှာ ကျနေတာပဲ၊ အဓိပ္ပါယ်မရှိဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့် အဖေ၊ အမေ ယဉ်ကျေးမှုကို အကြောင်းမဲ့တိုက်ခိုက်ကြပြန်တယ်၊ “တစ်ကယ်ဝင်စားရင် ကြွေးမှာ ကျနေတာပဲ ”ဆိုတဲ့စကားကို ဖြေရရင် ဟန်မဆောင်ပဲ တစ်ကယ်သာ ၀င်စား“တစ်ကယ် ကို ကြွေးမှာပါ”။ အဆိုးတကာ အဆိုးဆုံးကတော့ ဘာသာခြား လူငယ်လေးတွေဟာ သူတို့ ဘာပဲ လုပ်လုပ် ပုခုံးနှစ်ဘက်နဲ့ နဖူးကို လက်နဲ့ တို့ပြီး “ခမည်းတော်၊ မယ်တော်၊ သန့်ရှင်းသော ၀ိဥာဉ်တော်” လို့ ဘာသာရေး အရ ဂါရ၀ပြုချိန်မှာ မိဘ ဆိုဆုံးမမှုအောက်မှာ သေချာ မကြီးပြင်းရတဲ့ တစ်ချို့ လူငယ်တွေဟာ ဘုန်းကြီး ရှေ့မှာတွေ့တာတောင် ဦးချဘို့ ရှက်နေတတ်ကြတယ်၊ဘုန်းကြီးနဲ့ စကားမပြော တတ်တာကို ဂုဏ်ယူစရာထင်နေကြတယ်။ လမ်းမှာတွေ့တဲ့ ဘုရားတော့ လှည့်လို့တောင် မကြည့်တတ် ပါဘူး၊ (နာမည်ကြီးရင်တော့ နည်းနည်းကြည့်တတ်ပါတယ်)။ လူမျိုးတိုင်း၊ ဘာသာတိုင်းမှာ အစွဲအလမ်း ဆိုတာ ရှိတတ်ကြသလို အစဉ်အလာယဉ်ကျေးမှုဆိုတာလည်း ရှိကြတာပါပဲ၊ မွေးစား ယဉ်ကျေးမှုများကို သိပ်အထင်ကြီးလွန်းတဲ့ လူတစ်ချို့ဟာ “မင်္ဂလာပါ” ပြောရမှာရှက်ပြီး Hi လို့ပြောကြတယ်၊ နေကောင်း လားဆိုတာကို ဂုဏ်ငယ်တယ်ထင်ပြီး How r u? လို့ သူများ အထင်ကြီးမလား ဆိုတဲ့ အတွေးနဲ့ ခပ်တည် တည်မှုတ်တတ်ကြတယ်၊ “ထမင်းစားသွားပါဦးလား” ဆိုတာကို အဓိပ္ပါယ်မဲ့တယ်ထင်ပြီး Would you like to drink something ? လို့ အိုက်တင်ကြီးတစ်ခွဲသားနဲ့ ဟန်ချီချီ ခပ်တည်တည်လုပ်ကြပြန်တယ်၊ ...ခုလိုပြောနေ တာ အပြစ်တင်နေတာတော့ မဟုတ်ပါဘူး၊ လူသားတိုင်း၊ လူသားတိုင်း သူတို့ ယဉ်ကျေးမှု သူတို့ တန်ဘိုးထားကြသလို မြန်မာ့ လူငယ်များသည်လည်း မြန်မာ့ ယဉ်ကျေးမှုကို တန်ဘိုးထားစေလို တဲ့ စေတနာနဲ့ပါ.....(မြန်မာတွေ လုပ်ပုံနဲ့ ဘာသာရော၊ လူမျိုးရော ယဉ်ကျေးမှုပါ မကျန်ပျောက်မယ့် အန္တရယ်နဲ့ ကြုံလာရလို့ပါ)

မေတ္တာဖြင့်....
အလင်းအိမ်(စေတနာပန်းခင်း)13.12.2011

No comments:

Post a Comment