မျောက်

တတိယနှစ်တုန်းက သင်ခဲ့ရဘူးတဲ့ ဟိတောပဒေသ သင်္ခန်းစာလေးကို သတိယမိတယ်၊ ခေါင်းစဉ်ကိုတော့ “မျောက်”လို့ပဲ ကိုယ့်ဟာကိုယ် ပေးလိုက်တယ်။ တစ်ခါက သစ်ပင်ကြီးတစ်ပင်မှာ ငှက်ကလေးတွေဟာ အသိုက်ဖွဲ့ပြီး နေထိုင်ကြတယ်။

အဲဒိသစ်ပင်ကြီးရဲ့ အောက်မှာလည်း မျောက်မိသားစုတွေ နေထိုင်ကြတယ်တဲ့။ မိုးတွင်းကာလရဲ့ တစ်ခုသော ညနေမှာတော့ မိုးသည်းထန်စွာရွာသွန်းတဲ့ အတွက် သစ်ပင်အောက်မှာ နေထိုင်ကြတဲ့  မျောက်မိသားစုတွေ ဟာ ခိုက်ခိုက်တုံအောင် ချမ်းနေကြပါလေရာ၊ သစ်ပင်အထက်မှာရှိကြတဲ့ ငှက်မိသားစုတွေကတော့ အသိုက်လေးတွေထဲမှာ လုံလုံခြုံနဲ့၊ မိုးကလည်း အေးအေးနဲ့ဆိုတော့ နှပ်ကောင်းနေ လိုက်တာ၊ မျောက်မိ သားစုအတွက်တော့ မနာလိုချင်စရာပေါ့၊ ဒီအထဲ သစ်ပင်ပေါ်မှာ မိုးမိုးအေးအေးနဲ့ နှပ်နေကြတဲ့ ငှက်ကလေးတွေက ကိုယ့်ဟာကိုယ် အေးအေးဆေးဆေး မနေနိုင်ကြဘူး။ 


အောက်မှာ ချမ်းလို့ တုံခိုက်နေတဲ့ မျောက်မိသားစုကို သွားပြီး ဆရာကြီးးလုပ်ကြတယ်တဲ့လေ။ “သူငယ်ချင်း တို့ရာ၊ သင်တို့က အကောင်တွေလည်း ကြီးတယ်၊ ခြေတွေ လက်တွေလည်း စုံတယ်၊ အင်အားဗလ လည်း တောင့်တင်းတယ်၊ ဒါပေမယ့် လုံ့လနည်းတော့ ခုလို မိုးရွာတော့ သင်တို့ ချမ်းနေကြပြီပေါ့ ၊ ဟော... ငါတို့ကို ကြည့်စမ်း၊ သင်တို့လို အကောင်တွေလည်း မကြီးဘူး၊ သေးသေးလေးတွေ ၊ ခြေတွေလက်တွေလည်း မစုံဘူး၊ အင်အားဗလလည်း မတောင့်တင်းဘူး၊ ဒါပေမယ့် ငါတို့က ၀ီရိယရှိတော့ ငါတို့မှာ ရှိတဲ့ နှုတ်သီးလေး နဲ့ပဲ ကြိုးစားပြီး အိမ်ဆောက်ထားတော့ ခုလို မိုးတွင်းလည်း ငါတို့က အေးအေးဆေးနေနိုင်တယ်၊ ချမ်းပေမယ့် သင်တို့လို ခိုက်ခိုက်တုံနေစရာမလိုဘူး၊ နှပ်လို့တောင် ကောင်းသေး” လို့သွားပြီး ခပ်ကြွားကြွားလေး ဆုံးမလိုက်တယ်တဲ့။

အဲဒိမှာ ချမ်းနေရတဲ့ အထဲ ဒီစကားကြားတော့ ဟိုကောင်တွေက ဒေါကစ်ကြတော့တာပေါ့“အံမယ်၊ ကြည့်စမ်း မလောက်လေး၊ မလောက်စား ကောင်လေးတွေက ငါတို့ကို လာပြီး ဆရာကြီးလုပ်နေတယ်၊ ကိုယ့်ဟာကို အေးအေးဆေးဆေး အိပ်နေတာ မဟုတ်ဘူး၊ ငါတို့ကိုလာပြီး ကြွားလည်း ကြွားသေး၊ ဆရာကြိး လည်းလုပ်သေး၊ မိုးတိတ်ရင် တွေ့ကြသေးတာပေါ့ကွာ”ဆိုပြီး ကြိမ်းလိုက်ပါတော့တယ်၊ ပြောထားတဲ့ အတိုင်းပဲ မိုးလည်းတိတ်ရော၊ ဘာပြောကောင်းမလဲ ဘာမှကို ပြောမကောင်းတော့ဘူး၊ သစ်ပင်ပေါ်အကုန် တက်၊ အသိုက်တွေ ဖျက်ချ၊ အဥတွေပေါက်ခွဲ လုပ်ပစ်လိုက်တာ၊ ဟို...လေကျယ်တဲ့ ငှက်ကလေးတွေ နေ စရာဘုံပေါက်ပါလေရောလား၊ ပညာရှိမှတ်ချက်ကတော့....

“လောကမှာ ဆုံးမသင့်တဲ့ သူကိုပဲ ဆုံးမရမယ်၊ မျောက်လို အသိဥာဏ်မ၇ှိတဲ့ သတ္တ၀ါတွေကို ဆုံးမမိတဲ့အတွက် ငှက်ကလေးတွေမှာ အသိုက်ပျောက်ကြလေ၏”တဲ့။

ဒါကြောင့် ဆုံးမတဲ့နေရာမှာ အခြေနေ၊ အချိန်ခါမဟုတ်ရင် အသိုက်ပျောက်တတ်တယ်၊ ကိုယ်ကတော့ မျောက်လို သတ္တ၀ါတွေအတွက် အသိုက်ပျောက်မခံနိုင်ဘူး၊ အဲလိုဖြစ်မယ်ဆိုရင်......
“မိုးအေးအေးနဲ့ နှပ်ပဲနေလိုက်တော့မယ်”

(လွတ်လပ်စွာ ကွဲလွဲနိုင်သည်)

အလင်းအိမ်(စေတနာပန်းခင်း)26.9.2011(Mon)

No comments:

Post a Comment