ငါ့ သဒ္ဓါကို ငါယုံတယ်၊ ငါ့ လိပ်ပြာ ငါသန့်တယ်၊
ငါ့ စိတ်ဓါတ်ကို ငါမြတ်နိုးတယ် ငါ....ငါ....ငါ...
ငါ မဟုတ်သော ငါ...။
တစ်ခါတစ်ရံ
လောကအလယ်မှာ နိန္န၊ ကဲ့ရဲ့ခြင်း။ ပသန္န၊ ချီးမွမ်းခြင်း ဆိုတဲ့
လောကဓံတွေနဲ့ ကြုံလာ တိုင်း ရေးဖြစ်ခဲ့တဲ့ စာလေးပါ။ ဟုတ်ပါတယ်။
တစ်ခါတစ်လေကျတော့ လူတွေရဲ့ ပါတ်ဝန်းကျင်အလယ်မှာ “ငါ” မဟုတ်သော “ငါ” တွေကို
မကြာခဏဆိုသလို ရှာတွေ့နေရပါတယ်။ ဟိုလူက တစ်မျိုးထင်၊ ဒီလူက
တစ်မျိုးထင်နဲ့ အဲဒိအထင်တွေတိုင်းသာ “ငါ” ဖြစ်နေမယ်ဆိုရင် လောကမှာ
“ငါ”တွေကုန်မှာ မဟုတ်တော့ ပါဘူး။ စာရေးသူ အနေနဲ့တော့ အဲဒိ “ငါ”
ပေါင်များစွာရဲ့ နှိပ်စက်ခြင်းဒါဏ်တွေကို သိပ်မခံစားရတော့ပါဘူး။
ဘာလို့လဲဆိုတော့ ခန္ဓာသိနဲ့ မဟုတ်သေးပေမယ့် ဥာဏ်သိအနေနဲ့ စာရေးသူ “ငါ”
ကိုရှာမရတော့ တာတော်တော်လေးကို ကြာခဲ့ ပါပြီ။ ကိုယ့်ကိုယ်ကိုတောင်
“ငါ”ဆိုတာ ရှာမရတော့တဲ့သူအတွက် ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းတွေက
နှိပ်စက်အပ်တဲ့ “ငါ” ဆိုတာတော့ စာရေးသူအတွက် သိပ်ပြဿနာ မရှိတော့ ပါဘူး။
စာရေးသူ မကြာခဏ စိတ်ငြိမ်မှုလေး တစ်ခုရတဲ့အခါတိုင်း စဉ်းစားမိတယ်၊ “ဘယ်ဟာ
ငါလဲ” ဦးခေါင်းကို ငါလို့ခေါ်တာလား၊ ၀မ်းဗိုက်ကို ငါလို့ခေါ်တာ လား၊
ဒါမှမဟုတ်၊ ခြေတွေ၊ လက်တွေလား၊ အူတွေ၊ အသည်းတွေ၊ နှလုံးတွေကရော၊ ငါထဲကို
မပါဘူးလား၊ ဘယ်ဟာက ငါလဲ။ ခန္ဓာကိုယ် အစိပ်အပိုင်းတွေ အားလုံးစုံမှ “ငါ”
လို့ခေါ်တယ်ဆိုရင် ကျန်းမာရေး မကောင်းလို့ နှလုံးခွဲစိတ်ထားတဲ့
သူအတွက်ကရော ဘယ်ဟာ “ငါ”လဲ။ ဆက်လက်ပြီး အသက်ရှင်သန်ဘို့အတွက် ထုတ်ပစ်
လိုက်ရတဲ့ နှလုံးကရော “ငါ” မဟုတ်တော့ဘူးလား။
တစ်ချို့မိဘတွေ
ပြောတတ်ကြတယ်၊ “နင်တို့ ငါ့ကိုစိတ်ချမ်းသာအောင်ထားနော်၊ ငါ
ကျန်းမာရေးကောင်းတာ မဟုတ်ဘူး”တဲ့။ အဲဒိစကားကိုကြည့်ခြင်းဖြင့် သူ့ရဲ့
စိတ်ချမ်းသာမှု၊ စိတ်ဆင်းရဲမှုတွေဟာ သူတစ်ပါးအပေါ်မှာ မှီတည်နေတယ်ဆိုတာ
သိသာလှပါတယ်။ အဲဒိလို ကိုယ့်စိတ်ရဲ့ ချမ်းသာ၊ ဆင်းရဲတွေအတွက် သူတစ်ပါးအပေါ်
မှာ မှီခိုနေသမျှတော့ ဘယ်တော့မှ ပြည့်ဝတဲ့ စိတ်ရဲ့ အေးငြိမ်းသာယာမှုကို
ရမှာမဟုတ်ပါ ဘူး။ “အတ္တာဟိ အတ္တ နော နာထော” ပါ။ ကိုယ့်ကိုယ်ကိုသာ
အားကိုးရမယ်လို့ မြတ်ဗုဒ္ဓဟောတော် မူပါတယ်။ လောကမှာ ဘယ်သူ့ကိုမှ အပြည့်အဝ
အားကိုးလို့မရပါဘူး။ အဲဒိလို အားကိုးနေသမျှလည်း ဘယ်တော့မှ
ကိုယ့်လိုအင်ဆန္ဒကို ရှာဖွေတွေ့ ရှိနိုင်မှာ မဟုတ်ပါဘူး။ မိမိကိုယ်
ချစ်ခင်ကြတဲ့ ပုဂ္ဂိုလ်တွေက ကိုယ့်ကို စေတနာရှိရင် အလွန်ဆုံး
ကိုယ့်ခန္ဓာကိုယ် ကို ချမ်းစာအောင် ထားနိုင်ကြပါလိမ့်မယ်။ ဒါပေမယ့်
ကိုယ့်ရဲ့ စိတ်နှလုံး အေးချမ်းဘို့အတွက်တော့ ကိုယ့်ကိုယ်ကို တာဝန်ယူရမှာပါ။
ဘယ်သူမှ တာဝန်မ ယူနိုင်ပါဘူး။ အပြင်က လောကဓံတွေက
ဘယ်လိုပဲဖြစ်ဖြစ်နေဖြစ်နေ၊ ကိုယ့် စိတ်လေးကို အေးချမ်းအောင်
ထားနိုင်မယ်ဆိုရင် လောကဓံမုန်တိုင်းတွေ ဘယ်လောက်တိုက်တိုက် ကိုယ့်
နှလုံးသားက မတုန်လှုပ်တော့ ဘူးဆိုရင် ကိုယ့်လောက၊ ကိုယ့်ဘ၀ဟာ
ငြိမ်းချမ်းမှုကို ရရှိနေပါပြီ။
လောကဆိုတာ အကောင်းနဲ့
အဆိုးအမြဲဒွန်တွဲ ဖြစ်ပေါ်နေတတ်တာ သဘာဝတစ်ခုပါ။ ဘယ်သူမှ တားဆီးလို့ မရ သလို၊
ဘယ်သူမှလည်း ပြုပြင်ဖန်တီးလို့မရပါဘူး။ လောကလူသားတွေဆိုတာ အကောင်းတွေ နဲ့
တွေ့ကြုံလာရင် အလွန်အကျွံ သာယာတတ်ပြီး၊ အဆိုးတွေနဲ့ တွေ့တဲ့အခါမှာလည်း
အစွန်းရောက်အောင် ၀မ်းနည်းတတ်ကြပါတယ်။ လောကဥပမာအားဖြင့် “အရယ်သန်တဲ့
ကလေးဟာ အငိုလည်း သန်တတ်တယ်” ဆိုသလိုပါပဲ။ အကောင်း လောကဓံတွေနဲ့ တွေ့တဲ့
အခါ စိတ်ကိုထိန်းတဲ့ သတိတရားလေးသာ မရှိဘူးဆိုရင် အဆိုးလောကဓံ တွေနဲ့
တွေ့တဲ့အခါမှာလည်း အငိုသန်ရမှာတော့ တားလို့မရတဲ့ လောကသဘာဝပါ။ အဲဒိတော့
စိတ်ကို တည်ငြိမ် မှုရအောင် ဘယ်လိုထိန်းမလဲ၊ အကောင်းလောကဓံတွေကို
ရတဲ့အခါမှာလည်း အလွန်အကျွံ မိုးမမြင်၊ လေမမြင် မသာယာမိစေပဲ၊ “ဒါတွေဟာ
ဘယ်လောက်ပဲကောင်းကောင်း၊ ဘယ်လောက်ပဲ ချစ်စရာ၊ မက်မောစရာဖြစ်နေပ စေ
အမြဲတမ်း ဆုတ်ကိုင်ထားလို့ မရဘူး။ တစ်ချိန်ချိန်မှာ
ကုန်ဆုံးပျောက်ပျက်တတ်တဲ့ သဘောရှိတယ်။ ဒါဟာ မလွန်ဆန်နိုင်တဲ့
အမှန်တရားတစ်ခုပဲ” လို့ပဲ နှလုံးသွင်းလိုက်မယ်ဆိုရင်
အလွန်ထောင်လွှားတက်ကြွတဲ့မာနတွေ မဖြစ်တော့ပါဘူး။ အကယ်၍ လောကသဘာဝအတိုင်း
ပျောက်ပျက်ကုန်ဆုံးသွားတဲ့ အခါမှာလည်း ကြိုတင်ပြင် ဆင်ပြီး သားဖြစ်တဲ့အတွက်
ရင်ကိုပူလောင်စေတဲ့ သောကမီးတွေ မဖြစ်တော့ပါဘူး။
အဆိုးလောကဓံတွေနဲ့
ကြုံတွေ့လာတဲ့ အခါမှာလည်း “ဘယ်အရာမှ တည်မြဲတဲ့ သဘောမရှိဘူး၊ ဒါတွေဟာ ငါ
နှစ်သက်သည် ဖြစ်စေ၊ မနှစ်သက်သည် ဖြစ်စေ။ တစ်ချိန်ချိန်မှာတော့
ပြီးသွားမှာပါ၊ ကုန်သွားမှာပါ” လို့ အသင့် အတင့်
နှလုံးသွင်းလိုက်မယ်ဆိုရင် အဲဒိ အဆိုးလောကဓံကိုတွေးပြီး ဆွေးရတဲ့ သောက၊
ဗျာပါဒတွေက ကိုယ်ကို သာ နှိပ်စက်ချင်နှိပ်စက်နိုင်မယ်၊ စိတ်ကိုတော့
နှိပ်စက်နိုင်မှာ မဟုတ်ပါဘူး။ ဒါဆိုရင် စိတ်ချမ်းသာမှုကို အပြည့်အ ဝ
ရရှိနိုင်တော့မှာပါ။ အဲဒိစိတ်ချမ်းသာမှုကို ရရှိစေတာဟာ သူတစ်ပါးအပေါ်မှာ
မှီခိုမှုကင်းကင်းနဲ့ ရှာဖွေနိုင်လို့ သာ အဲဒိလောက်အေးချမ်းတဲ့
ငြိမ်းအေးရာကို ရရှိလာတာပါ။ ပါတ်ဝန်းကျင်ကပေးမှ ရမယ်ဆိုရင်တော့ ဘယ်
တော့မှ ပြည့်ဝတဲ့ အေးချမ်းမှုကို မျှော်လင့်နိုင်မှာ မဟုတ်ပါ ဘူး။
နောက်တစ်မျိုး လောကလူသားတွေကို နေ့စဉ်နဲ့ အမျှ အဆိုးဆုံး ဒုက္ခပေးနေတဲ့
နှလုံးသွင်း တစ်ခုကတော့ “ငါ”ဆိုတဲ့အတ္တပါ။ နေ့စဉ်လူသားတွေပြောနေကြပါ တယ်။
“ငါ” “ငါ့ဥစ္စာ” “င့ါ သား၊ ငါ့သမီး” စသည်အားဖြင့် “ငါ” တွေမကုန်နိုင်၊
မဆုံးနိုင်အောင်ကို ပြောဆိုနေကြ ပါတယ်။ ဒီသဘောတရားတွေ ဟာ လောကအခေါ်အဝေါ်
အနေအားဖြင့် အမြဲတမ်းမှန်ကန်နေတဲ့ ဝေါဟာရ သစ္စာ တရားတွေပါ။ ဒါပေမယ့်
တစ်ကယ့်အစစ်အမှန် ပရမတ္ထသစ္စာအနေအားဖြင့်တော့ “ငါ”ဆိုတာ ဘယ်လိုမှ ရှာမ
တွေ့နိုင်တဲ့၊ လုံးဝအဆိုးမရတဲ့ အနတ္တသဘောပါ။
အစိုးမရဘူးဆိုတာတော့
ဘယ်ရာမှ “ကိုယ်မပိုင်တဲ့ သဘော၊ ကိုယ့်အလိုကို မလိုက်တတ်တဲ့ သဘောပါ”။ အ
ကယ်၍များ ကိုယ်ပိုင်နေမယ်ဆိုရင် ကိုယ့်ဘ၀မှာ အဆိုးတွေရယ်လို့ ကြုံလာစရာ
အကြောင်းမရှိပါဘူး။ ကိုယ်၊ စိတ်နှလုံး မသာယာခြင်းတွေကို ဘယ်သူမှ
မလိုလားကြပါဘူး။ အကယ်၍များ ကိုယ့်အလိုကို လိုက်မယ်ဆိုရင် အဲဒိ စိတ်နှလုံး
မသာယာခြင်းတွေ၊ ကိုယ် မနာကျန်းဖြစ်ခြင်းတွေကို
မဖြစ်စေနိုင်တဲ့သတ္တိရှိနေမှာပါ။ အို၊ နာ၊ သေ တရားတွေကိုလည်း
တားဆီးနိုင်မှာပါ။ တစ်ချို့ပြောကြသေး တယ်၊ “နင် ငါ့သဘောအတိုင်းနေရမယ်”တဲ့။
ငါ လို့ ထင်နေတဲ့ ကိုယ့်ကိုယ်ကိုတောင် ကိုယ့်အလိုတိုင်းမဖြစ် တာ
သူတစ်ပါးဆိုတာ ပိုလို့မဖြစ်နိုင်ပါဘူး။ ဒီသဘောကို မသိတော့ ငါဆိုတဲ့
အတ္တတွေသိပ်ထားလွန်းတော့ အဲဒိ “ငါ့သဘောအတိုင်း ဖြစ်မလာတဲ့ အခါ” ပူလောင်တဲ့
ဒေါသတွေ၊ အလိုမကျတဲ့ သောကတွေက ရင်ကို ပူလောင်စေတော့တာပါပဲ။ ဒီလိုပါပဲ၊
လောကမှာ ဘယ်အရာမှ လည်းထာဝရ သိမ်းပိုက်ထားချင်လို့မရပါဘူး။
ကိုယ်ချစ်ခင်နှစ်သက်နေတဲ့ သက်ရှိပုဂ္ဂိုလ်တွေ၊ သက်မဲ့ အရာ ၀တ္ထုတွေဟာလည်း
တစ်ချိန်ချိန်မှာတော့ ကိုယ့်ကို အကြောင်းအမျိုးမျိုးနဲ့ ခွဲခွါသွားမှာ
အသေချာပါပဲ။ အဲဒိတော့ “ငါဆိုတာတောင် ဘယ်လိုမှ ရှာဖွေလို့မရတာ၊
ငါပိုင်ဆိုင်တဲ့ အရာတွေဆိုတာလည်း အထင်မျှသာ ဖြစ်ပြီး
တစ်ကယ်မပိုင်ဆိုင်ဘူး”ဆိုတာ သဘောပေါက်ထားမယ်ဆိုရင်တော့
ဗုဒ္ဓဘာသာတစ်ယောက်ရဲ့ ဘ၀ဟာ အ လွန်အေးချမ်းသာယာတဲ့
ဘ၀ကိုပိုင်ဆိုင်နိုင်မှာပါ။ သို့သော်လည်း လောကမှာ ငါဆိုတာလည်း
မပါလို့မပြီးပါဘူး။ ပရမတ္ထသစ္စာ အနေအားဖြင့် “ငါ”ဆိုတာ မရှိပေမယ့် လောကသုံး
ဝေါဟာရသစ္စာအားဖြင့်တော့ “ငါ မဟုတ်သော ငါတွေကတော့ တွင်တွင်ကျယ်ကျယ်
အသုံးပြုနေကြရဦးမှာဖြစ်သလို၊ မလွန်ဆန်နိုင်သော လောကဓံ အနေအား ဖြင့်လည်း
ပါတ်ဝန်းကျင်မှာ “ငါမဟုတ်သော ငါ”တွေကိုလည်း မကြာခဏဆိုသ လို
တွေ့နေကြ ရဦးမှာပါ။
“သဗ္ဗေ ဓမ္မာ အနတ္ထာ၊ ယထာ ပညာယ ပဿတိ၊
အထ နိဗ္ဘိန္တတိ ဒုက္ခေ ဧသမဂ္ဂေါ ၀ိသုဒ္ဓိယာ”
“အတ္တကင်းသော ချမ်းသာခြင်းကို ပညာဖြင့် ရှာဖွေနိုင်ကြပါစေ”
အရှင်တေဇာနန္ဒ(စေတနာပန်းခင်း၊ နိဗ္ဗာန်ဆော် အသင်း)
No comments:
Post a Comment