အမေဆိုတာ


မိုးလေးက တစ်ဖျောက်ဖျောက်နဲ့ အခန်းထဲမှာ တစ်ပါးတည်းရှိနေတုံးလေး၊ အမှတ်တမဲ့ တွံတွေးသိန်းတန် ရဲ့ ကျေးလက်သီချင်းလေး ကြားလိုက်ရတော့ အမေ့ကို သတိယလိုက်တာ၊ ဟိုး...လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်ကဆို၊ ဒီလို အေးချမ်းတဲ့ မိုးတဖွဲဖွဲကျတဲ့ ညတွေမှာ၊ မောင်နှမသေုံးယောက် မိုးပေါက် မကျတဲ့ ခေါင်းရင်းဘက်ကို တိုး၊ ဖျားကို အပေါ်ကို ပြန်လိပ်တင်ပြီး ဖျာလိပ်ထဲမှာ ဆက်အိပ်ကြတာပါ ပဲ၊ ဓနိမိုးထားတဲ့ အမေ့အိမ်လေးမှာ ဒီလိုမိုးတွေ တစ်ဖွဲဖွဲရွာပြီဆိုရင် ဟိုနေရာက မိုးယို၊ ဒီနေရာက မိုးယိုနဲ့ မိုးပေါက်တွေကျလာပြီဆို၇င် အမေ့မှာ အသင့်ကောက်ပြီး စုဆောင်းထားတဲ့ ၀ါးဘတ်လေးတွေနဲ့ လိုက်ပြီး ဖာရ၊ ထေးရရှာတယ်လေ၊ အမေအဲလို တစ်ညလုံး အမိုးလေးတွေ ဖားထေးနေတဲ့အချိန်မှာ စာရေးသူ တို့ မောင်နှမ သုံးယောက်ကတော့ ခေါင်းရင်းနားလေးမှာ ဖျာလေးအပေါ်ကို ပြန်လိပ်တင်ပြီး၊ ဆက်အိပ်ကြ တာ၊ အမေ့ရဲ့ တစ်ညလုံးမအိပ်ရတဲ့ ဒုက္ခတွေကို ကိုယ်ချင်းလည်း စာနာတတ်ဘို့ နားမလည်ခဲ့ကြဘူးလေ။


တစ်မိသားစုလုံးမှာ ရှိတဲ့ တစ်လုံးထဲသော ပိတ်ခြင်ထောင်ကြိးမှာ အိပ်လို့ မရအောက်အောင် ကြမ်းပိုးတွေ ကိုက်လာတဲ့အခါလည်း သားသမီးတွေကို မနိုးစေပဲကြမ်းပိုး သတ်ရတာ လည်း အမေ၊ သားသမီးတွေ အအိပ်ကြမ်းလို့ ခြင်ထောင်ကြိုးတွေ ပြုတ်တော့လည်း ထပြီး ချည်ရတာလဲအမေ၊ ကြောင်လေးတွေ ချမ်းလို့ အနားမှာ လာကွေးပြီးအိပ်တဲ့အခါ သားသမီးတွေ ဖိမိမှာစိုးလို့ နေရာလိုက်ရွှေ့ရတာလဲ အမေပါပဲလေ။ အမေက ဟင်းသီး၊ ဟင်းရွက်တွေပဲရောင်းဖူးပါတယ်။ သား၊ ငါးတွေ မရောင်းဖူးပါဘူး၊ အမေက ခြင်လေးတွေ၊ ကြမ်းပိုးလေးတွေ ပဲသတ်ဖူးတာပါ၊ သား၊ ငါးတွေ မသတ်ဖူးပါဘူး၊ ဒါပေမယ့်ပေါလေ၊ မနှစ်က ပြန်ခါနီးတော့ “သားလေး ငါးရံ့ခြောက် အမေ လှမ်းထားလိုက်မယ်နော်”တဲ့၊(သူ့သား ငါးရံ့ခြောက် ကြိုက်တာ အမေသိ တာပေါ့) “အမေ အ၇ှင်တွေ မလုပ်နဲ့နော်”ဆိုတော့၊ “အင်းပါ စိတ်ချ”၊ ..။ ပြန်ခါနီးတော့ ငါးရဲ့ ခြောက်လေးတွေ လေယဉ်ပေါ် အနံ့မနံရအောင် အိတ်ကလေးတွေနဲ့ ထုတ်နေတုံး“အမေ အဲဒါတွေလုပ်တုံး က အရှင်တွေပါသေး လား”ဆိုတော့၊ သူ့သားပြနခါနီးလို့ စိတ်မကောင်းဖြစ်နေတဲ့မျက်နှာလေး က ပြုံးရောင် သန်းသွားပြီး“မပါပါဘူး သားရယ်”တဲ့လေ..။ အမေ့ကွယ်ရာရောက်မှ အစ်မက “အော်..ဦးဇင်းရယ် ငါးရံ့ခြောက်ဆိုတာ အ၇ှင်သတ်ပြီးတော့ကိုယ်တိုင် ဆားလူးပြီး လှမ်းမှကောင်းတာ၊ ဦးဇင်းရဲ့ ဦးဇင်းအမေက ဦးဇင်းအတွက်တမင်မှာပြီး လုပ်ထားတာ၊ ဦးဇင်းဆူမှာစိုးလို့ အ၇ှင်မပါဘူးပြောရှာတာ” အော်...အမေရယ်..။

 တစ်ကယ်တော့လေ အမေဆိုတာ သားသမီးအတွက်ဆို မသွားရဲတဲ့လမ်းဆိုတာ မရှိသလို၊ မလုပ်ရဲတဲ့ အလုပ်ဆိုတာလည်း မရှိဘူး၊ သားသမီး အမြင့်ရောက်ဘို့ သူ့ကျောကို အဆင်သင့် ခင်းပေးတတ်တာ အမေ၊ သားသမီး ကုသိုလ်ရဘို့ သူ့ဘ၀ကို အကုသိုလ်တွေနဲ့  ရင်းပေးတတ်တာ အမေ၊ အမေဟာလေ.. သားသမီးအတွက်ဆိုရင်၊ ဆရာလိုလည်း လမ်းညွှန်တတ်တယ်၊ တပည့်လိုလည်း လိမ္မာပေးတယ်၊ သူရဲကောင်လိုလည်းအန္တရယ်တွေကို တားဆီးပေးနိုင်တယ်။အိုလေ...အမေဆိုတာ...သားသမီးအတွက်၊ ဘယ်နေရာကမဆို နေပေးနိုင်ပါတယ်၊

“တော်ပြီ...နောင်အမေ့ကို ငါးရံ့ခြောက်စားချင်တယ် မပြောတော့ဘူး.”

“မိဘ ကျေးဇူး အထူးသိတတ်ကြပါစေ”

အလင်းအိမ်(စေတနာပန်းခင်း)

No comments:

Post a Comment