အတိတ်တံခါးများအား တွန်းဖွင့်ခြင်း

လူတိုင်းမှာ အတိတ်ဆိုတာ ရှိပါတယ်။ အတိတ်တစ်ချိန်ချိန်က အကြောင်းအရာလေးတွေပေါ့၊ အဲဒိအတိတ် အကြောင်းအရာလေးတွေဟာ လှပဲတ့ အကြောင်းအရာလေးတွေလည်း ရှိနိုင်သလို၊ မလှပတဲ့ အတိတ် ကလေးတွေလည်း လူတိုင်းကိုယ်စီရှိကြတာပါပဲ။ အဲဒိတော့ အလင်းအိမ်မှာလည်း ရှိပါတယ်။ အလင်းပေးတဲ့ မနက်ခင်းလို အတိတ်တွေ တောက်ပခဲ့ဖူးသလို၊ မဲနေအောင်မှောင်တဲ့ အတိတ် သန်းခေါင်ယံတွေ ကိုလည်း ထွေးပိုက်ခဲ့ဖူးပါတယ်။ သေချာတာကတော့ လူတိုင်းဟာ လှပတဲ့ အတိတ်တွေချည်းပဲ ပိုင်ဆိုင်ခွင့် မရှိနိုင်သလို၊ အကျည်းတန်မဲညစ်တဲ့ အတိတွေချည်းပဲ ထွေးပိုက်ခဲ့တဲ့သူဆိုတာလည်း မရှိနိုင်ပါဘူး။ တစ်ခါတစ်ရံမှာ လင်းပြီး၊ တစ်ခါတစ်ရံမှာ မှောင်မယ်၊ တစ်ခါတစ်ရံမှာ လှပြီး၊ တစ်ခါတစ်ရံမှာ အရုပ်ဆိုးမယ်။


ဒါဟာ လူသားတွေရဲ့ လောက အစစ်အမှန်ပါပဲ။ လက်ရှိဘ၀နဲ့ ကိုက်ညီမှုရှိတဲ့ အတိတ်ဟာ လှတယ်၊ ကိုက်ညီ မှုမရှိတဲ့ အတိတ်ဟာ အရုပ်ဆိုးတယ်၊ ဒီလို လူသားတွေ သတ်မှတ်ကြမယ်ထင်ပါတယ်။ အလင်းအိမ်ကတော့ ဒီလိုပဲ သတ်မှတ်ပါတယ်။ အတိတ်တိုင်းဟာတော့ ပစ္စုပန်နဲ့ အနာဂါတ်ကို အများကြီး အထောက် အပံဖြစ်စေ တယ်ဆိုတာတော့ အလေးအနက်ကို အလင်းအိမ် ယုံကြည်တာပါ။ ကိုယ်ကိုယ်တိုင်ကတော့ ဗုဒ္ဓအလိုတော် ကျ ပစ္စုပ္ပန္န၀ါဒီ စစ်စစ်ပေါ့။ လင်းလက်သာယာခဲ့တဲ့ အတိတ်တွေမှာ မိန့်မူးသာယာနေမှာ မဟုတ်သ လို၊ ခေါင် ခိုက်အောင် မှောင်ခဲ့ဖူးတဲ့ အတိတ်ညတွေဆီမှာလဲနစ်မြုပ်ပြီး အချိန်ဖြုန်းနေမှာ မဟုတ်ပါတာ အသေချာပါပဲ။ လှပတဲ့ အတိတ်တွေကို မှတ်ကျောက်တင်ပြီး၊ မလှပတဲ့ အတိတ်တွေကို အကောင်းဆုံး သင်္ခန်းစာတွေ အဖြစ် လက်ခံလို့ အလင်းအိမ်ရဲ့ အနာဂါတ်ကို ဆက်လက် အကောင်ထည်ဖော်သွားမှာပါ။ တစ်ကယ်တော့ အတိတ် ဆိုတာဟာ အချိန်ကာလကို ဆိုလိုတာပါ။ အဓိပ္ပါယ်လေးနက်ပြည့်ဝတဲ့ အချိန်တွေရှိခဲ့သလို၊ မဖြစ်ထွန်းတဲ့ အသီးနှံတွေလို အဖျင်းများတဲ့ နေ့ရက်တွေလည်း ရှိခဲ့မှာပါပဲ။

အဲဒါတွေ အတွက်ပူဆွေးနေဘို့ အချိန်မရှိပါဘူး။ ကိုယ်ရထားတဲ့ အချိန်တွေက နည်းလွန်းတယ်လေ။  အတိတ်နေ့ရက်တွေကို မှတ်သားရင်း ပစ္စုပ္ပန်ကို အကောင်းဆုံးဖြစ်အောင် ထုဆစ်ပုံဖော်နေခြင်းကသာလျှင် ကိုယ့်အတွက် လောကအတွက် အလင်းလက်ဆုံး အနာဂါတ်တွေကို ပျိုးထောင်နေခြင်းပဲ ဖြစ်တယ် ဆိုတာတော့ အလင်းအိမ် အတွက် လက်တွေ့ဆန်တဲ့ ဘ၀တစ်ခုပါ။ လွန်သွားပြီဖြစ်တဲ့ အတိတ်တံခါး တစ်ခုကို ဆွဖွင့်ကြည့်လိုက်တဲ့ အခါ..............လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်၊ ဒီလို အချိန်မှာ ဒီမြေပေါ် ကို ခြေခဲ့တယ် ဆိုတော့ အလင်းအိမ်အတွက် ဒီမြေပေါ်က အတိတ်တံခါးတစ်ချပ်ဟာ သက်တမ်းတစ်နှစ်လွန်ခဲ့ပြီပေါ့။

ဒီလွန်ခဲ့တဲ့ တံခါးတစ်ချပ်ကို ဖွင့်ကြည့်လိုက်တော့...အကောင်းများခဲ့သလား၊ အဆိုးများခဲ့သလား၊ လှပတဲ့ နံနက်ခင်းတွေများခဲ့သလား၊ မှောင်မိုက်တဲ့ ညသန်းခေါင်တွေများခဲ့လား....။ သိပ်ဝေးသွားတဲ့ အတိတ် တံခါးတွေကို အလင်းအိမ် အာမ မခံနိုင်ပေမယ့်၊ ဒီတံခါးတစ်ချပ်ကိုတော့ အလင်းအိမ် ရဲရဲကြိး အာမခံရဲပါ တယ်။ ဒိတံခါးတစ်ချပ်ထဲကိုတော့ ကိုယ်တစ်ယောက်တည်းတင်မကပဲ ဘယ်သူပဲ ၀င်ကြည့်ကြည့် လှပခဲ့ တဲ့ နေရက်တွေ များခဲ့တယ်ဆိုတာ ရဲရဲကြီးကို ၀န်ခံရဲပါတယ်။ မည်သူမဆို ဒီအတိတ်တံခါးချပ်ကို ဖွင့်ကြည့် လိုက်မယ်ဆိုရင်....

* လောက၊ ဓမ္မအတွက် အလင်းတွေကို ဆောင်ကျဉ်းပေးနိုင်မယ့် လောကအင်း၊ ဓမ္မလင်းရောင်တွေကို 
   အလင်းအိမ် ထွန်းညှိပေးနိုင်ခဲ့တယ်။
* အမျိုးဘာသာ၊ သာသနာအတွက် လှပခိုင်ခံတဲ့ သစ်ပင်လေးတွေ အလင်းအိမ် စိုက်ပျိုးပေးနိုင်ခဲ့တယ်။
* တစ်ပါးတွေရဲ့ လယ်မြေကောင်းတွေမှာ မျိုးကောင်းမျိုးသန့်လေးတွေကို ကိုယ်တိုင်လည်း စိုက်ပျိုးပေးနိုင်
   ခဲ့သလို၊ သူတစ်ပါးတွေရဲ့ မျိုးကောင်း မျိုးသန့်လေးတွေကိုလည်း ရှင်သန်ကြီးထွားနိုင်အောင် ကိုယ့်ရဲ့
  လယ်ယာတွေ ကိုလည်း အကောင်းဆုံးဖြစ်အောင် အလင်းအိမ် သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်။
* လာကရဲ့ ၀င်ပေါက်တွေဖြစ်တဲ့ ပညာအလင်းရောင်တွေ အလင်းအိမ် ထွန်းညှိပေးနိုင်ခဲ့တယ်။

သူတစ်ပါးတွေရဲ့ မင်္ဂလာရှိတဲ့ တံခါးတွေကို အလင်းအိမ် တဒေါက်ဒေါက်နဲ့ အခါခါ ခေါက်ခဲ့သလို ၊ အလင်းအိမ် ရဲ့ မင်္ဂလာရှိတဲ့ မုခ်ဦးတစ်ခုလုံးကိုလည်း လာခြင်းကောင်းသော ဧည့်သည်များအတွက် တံခါးမရှိ၊ ဓါးမရှိ ဖွင့်လှစ်ထားနိုင်ခဲ့တယ်။  လောကရဲ့ မဖြောင့်တန်းတဲ့ လမ်းတွေထဲမှာ အလင်းအိမ်ရဲ့ ကမ်းလင့်တဲ့ လက်အစုံကို ယုံကြည်စွာ ဖမ်းဆုတ်ကြတဲ့ သူတွေကို အချစ်ပိုခဲ့သလို၊ မယုံမကြည် လမ်းတစ်ဝက်မှာ လက်တွဲဖြုတ်ခဲ့တဲ့ ဘ၀ချင်းဝေးသူတွေကိုလည်း အလင်းအိမ် အမျက်မသိုခဲ့ပါဘူး။ နှလုံးသားချင်း နီးစပ်လို့ အယုံအကြည်ပိုခဲ့သူတွေအပါ် စေတနာပိုခဲ့သလို၊ အယူအဆမတူလို့ အမြင်ချင်း နှိးနှောဖလှယ်ခွင့်ရခဲ့ သူတွေကိုလည်း အလင်းအိမ် တစ်သက်မေ့မှာမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ်လေ အလင်းအိမ်ရဲ့ ဒီအလင်းတံခါး တစ်ချပ်ကတော့ လှပတဲ့ မနက်ခင်းတွေ စိုးမိုးခဲ့တယ်ဆိုတာတော့ အလင်းအိမ်ကိုယ်တိုင် သံသယကင်းစွာ ယုံကြည်မိပါတယ်လေ။

                               အလင်းအိမ်ရဲ့ အလင်းတံခါးများ(တစ်နှစ်အတွင်း)

၁။ ဗုဒ္ဓဓမ္မ သင်တန်း နှစ်ခုဆက်လက် ဖွင့်လှစ်နိုင်ခဲ့ ၊ဆဲ။ (ဘန်ကောက်၊ မြန်မာ)
၂။ သာသနာပြု အလှူကြိး တစ်ခု အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့၊ ဆဲ ။
၃။ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့တဲ့ လောက၊ သာသနာအကျိုးပြု စာကြည့်တိုက် အကောင်အထည်ဖော်နိုင်ခဲ့၊
     ဆဲ ။
၎။ သာသနာပြု အဖွဲ့အစည်းတစ်ခု တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့ (ဒီအောင်မြင်မှုကိုတော့ အရေတွက်နှင့် မတိုင်းတာ၊
     စေတနာဖြင့်သာ တိုင်းတာသည်)
၅။ နေရာအနှ့အပြား လူသားများ၏ ရင်ထဲမှာ ဓမ္မအလင်းများ ဗုဒ္ဓအလိုတော်ကျ ထွန်းညှိပေးနိုင်ခဲ့။

စသည်...။ စသည်ဖြင့် အလင်းအိမ်ရဲ့ အလင်းတံခါးများစွာ နောင်များမှာလည်း လင်းလက်နိုင်အောင် ကြိုးစားနေဦးမယ်လို့ အလင်းစကား ပါးလိုက်ပါရစေ....။ (အားလုံးရဲ့ အတိတ်၊ ပစ္စုပ္ပန် တံခါးချပ်များ လင်းလက်နိုင်ကြပါစေ၊ လှပနိုင်ကြပါစေ)

အလင်းအိမ် (စေတနာပန်းခင်း)၁၈.၁၀.၂၀၁၁(Tues.1း14. A.M)

No comments:

Post a Comment