အိပ်မက်ထဲက အိပ်မက်များ


ကိုယ်တွေ ရရှိထားတဲ့ ဘ၀တစ်ခုလုံးဟာ အိပ်မက်ဆိုရင် အဲဒိဘ၀ထဲက စိတ်ကူးတွေ၊ မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေ အားလုံးဟာ အိပ်မက်ထဲက အိပ်မက်တွေပဲပေါ့။ လူတိုင်းမှာ ဘ၀ကိုယ်စီရှိနေတာဆိုတော့ အိပ်မက်တွေလည်း ကိုယ်စီရှိနေကြတယ်လေ။ ကိုယ်ရှင်သန်ရာလောက၊ ပါတ်ဝန်းကျင်၊ ၀ါသနာစရိုက် စတာတွေအပေါ်မူတည်ပြီးတော့ အိပ်မက်တွေလည်း အမျိုးမျိုး ကွဲပြားနေနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အရာရာဟာ အဲဒိစိတ်ကူးအိပ်မက်တွေ အပေါ်မှာပဲ အခြေခံခဲ့ကြတာပါ၊ တက္ကသိုလ် ကျောင်းသား ကိုအောင်းဆန်းလည်း အိပ်မက်တွေ မက်ခဲ့တယ်၊ ဘီလ်ဂိတ်လည်းအိပ်မက်တွေ မက်ခဲ့တယ်၊ စတိဗ်ဂျော့စ်လည်း အိပ်မက်တွေမက်ခဲ့တယ်၊ သူတို့ရဲ့ အောင်မြင်မှုအားလုံးဟာ သူတို့ရဲ့ အိပ်မက်တွေ အပေါ်မှာ အခြေခံခဲ့ပါတာပါ။



အိပ်မက်မရှိရင် ဘ၀မရှိနိုင်ပါဘူး။ အခါပေါင်းမရေတွက်နိုင်လောက်အောင် မက်ခဲ့တဲ့ အိပ်မက်တွေက ပဲ အောင်မြင်တဲ့ လူသားတိုင်းကို သူတို့လိုရာ ပန်းတိုင်ဆီ အရောက်ပို့ပေးခဲ့တာပါ။ တစ်ချို့က ကိုယ့်အတ္တ အတွက်ပဲ ကိုယ့်အိပ်မက်ကို စေစားတယ်၊ တစ်ချို့က အများအတွက် ကိုယ့်အိပ်မက်ကို အသုံးချတယ်၊ တစ်ချို့အဲဒိ နှစ်ခုလုံးကို ပေါင်းစပ်ပြီး အကောင်းဆုံးဖြစ်အောင် အသုံးချသွားတယ်၊ ဒီသုံးမျိုးချပြလိုက်ရင် ကိုယ်ကြိုက်ရာ ရွေးချယ်နိုင်ကြမှာ ဖြစ်ပေမယ့် တစ်ကယ် ကိုယ်အကောင်ထည်ဖော်နေတာနဲ့ ချိန်ထိုးကြည့် မယ်ဆိုရင်တော့ ကိုယ်ရွေးချယ်ထားတာနဲ့ လွဲချော်ကောင်း လွဲချော်နေနိုင်ပါတယ်။ အလင်းအိမ်လည်း အိပ်မက်တွေများစွာ မက်ခဲ့ပါတယ်၊ အခုလည်း မက်ဆဲ၊ နောင်လည်း မက်နေဦးမှာပါပဲ။ အချိန်နဲ့ အရွယ်ပေါ် မူတည်ပြီးတော့ အိပ်မက်တွေလည်း ပြောင်းလဲမှုတော့ ရှိတောပေါ့။

ငယ်ငယ်က အမေကို ကျေးဇူးဆပ်ချင်တဲ့ အိပ်မက်မက်တယ်။ နည်းနည်းကြီးလာတော့ ကိုယ့်ရပ်ကိုယ့်ရွာ တိုးတက်အောင် လုပ်မယ်ဆိုတဲ့ အိပ်မက်တွေမက် လာတယ်၊ ဟော..ဒီထက်ကြီးလာတော့ နေရာ အပိုင်းအခြား မထားတော့ပဲ ဘာသာ၊ သာသနာကို တိုးတက်ထွန်းကားစေချင်တဲ့ အိပ်မက်တွေ တိုးချဲ့မက် လာခဲ့ပါတယ်။ စိတ်ကူးအိပ်မက်ကို လူတိုင်း မက်ပိုင်ခွင့်ရှိပေမယ့် အကောင်ထည်ဖော်တဲ့ နေရာမှာတော့ ကွဲပြားခြားနားမှုတွေ ရှိနေတတ်ပြန်တယ်။ တစ်ချို့က အိပ်မက်တော့ မက်တယ်၊ အကောင်အထည်မဖော်ဘူး၊ တစ်ချို့ကျတော့ ကိုယ့်အိပ်မက်ကို အကောင်ထည်ဖော်တဲ့ နေရာမှာ ဇွဲမရှိဘူး၊ တစ်ခါကျရှုံးတာနဲ့ နောင် စိတ်ပျက်ပြိး လွှင့်ပစ်လိုက်တယ်။ အလင်းအိမ်လည်း အခါခါ အိပ်မက်တွေ မက်ပြီး အခါခါ မအောင်မမြင်နဲ့ လန့်နိုးခဲ့ရတဲ့ အခါတွေလည်း မရေတွက်နိုင်အောင်ပါပဲ၊ ဒါပေမယ့် ဘယ်အရာမှတော့ အလကားပျောက် ပျက်မသွားပါဘူး၊ ဒီတစ်ခါ မအောင်မမြင်နဲ့ အဆုံးသတ်သွားတဲ့ အိပ်မက်တစ်ခု ဟာ နောင်အိပ်မက်ကောင်း တစ်ခုအတွက် အကျိုးပြုသွားတာတော့ ဘ၀တစ်လျှောက်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ သင်္ခန်းစာတွေမို့ အကြွင်းမဲ့ ယုံကြည်ပါတယ်။

ငယ်စဉ်တောင်ကျေး လူမှန်းသိတတ်စကတည်းက မက်ခဲ့တဲ့ အိပ်မက်တွေကို ကြိုးစား အကောင်ထည်ဖော် ခဲ့တာ ခုဆိုရင် အလင်းအိမ်ရဲ့ အိပ်မက်တွေဟာ အထိုက်အလျှောက် အောင်မြင်မှုရဲ့ လမ်းကြောင်းပေါ် ကို ခြေချနိုင်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ခဏကလေးပဲ ရထားတဲ့ ဘ၀မှာ အလင်းအိမ်ရဲ့ အိပ်မက်တိုင်း ကို လောကအတွက်ပဲ ဦးတည်ပေးဆပ်သွားချင်ပါတယ်။

ပင်းပန်းခဲ့တယ်၊ ခက်ခဲခဲ့တယ်၊ အထီးကျန်ဆန်ခဲ့တယ်၊ အဲဒိအိပ်မက်တွေကို အကောင်ထည်ဖော်တဲ့နေရာမှာ အကူညီမဲ့တယ်၊ ကိစ္စမရှိဘူး၊ တစ်ယောက်တည်းဆက်လျှောက်ခဲ့တယ်။ မာနဆိုတာ မကောင်းတာ မှန်ပေမယ့် “ဘယ်သူမှ မလိုက်လည်း ငါတစ်ယောက်တည်း ဆက်လျှောက်မယ်” ဆိုတဲ့ မာနကြောင့်ပဲ ဒီနေ့ ဒီခရီးကို ပေါက်ခဲ့တာပါ။ တစ်ခါတစ်ရံ နီးစပ်ရာမှန်သမျှကို တွဲခေါ်ချင်တယ်၊ အဲဒိအတွက် အများကြိး အားထုတ်ခဲ့တယ်၊ ဒါပေမယ့် ကိုယ်ကြိုးစားသလောက် မအောင်မြင်တဲ့ အခါမှာ စိတ်အလိုမကျမှုတွေ၊ စိတ်အားငယ်မှုတွေ ပေါ်လာတတ်ပေမယ့် “ဒါဟာ ငါ့အတွက် မဟုတ်ဘူး၊ လောကအတွက်”ဆိုတဲ့ မာနလေး ၀င်လာတာနဲ့ အဲဒိသိမ်ငယ်မှုတွေဟာ ပျောက်သွားတော့တာပါပဲ၊ အဲဒိမာနသာ မရှိလဲကျနေတာ ကြာပါပြီ။ ဘာပဲဖြစ်ဖြစ်လေ ကိုယ်ကြိုးစားအားထုတ် သလောက် မအောင်မြင်ပေမယ့် ဒီကြိုးစားအားထုတ်မှုတွေ ဟာ နောင်တစ်ချိန်ကြိးမားတဲ့ အောင်မြင်မှု့အတွက်လှေကားထစ်တွေဖြစ်တယ်၊ ခုလက်ရှိအောင်မြင် မှုတွေတိုင်းဟာလည်း အဲဒိကြိုးစားအားထုတ်မှုတွေရဲ့ ရလာဒ်တွေဖြစ်တယ်ဆိုတာ ခွဲခြား နားလည်လိုက်တဲ့ အခါမှာတော့ ဘယ်လောက်ပဲ ခြောက်လှန့် အနှိုးခံရပါစေ ၊ ဘယ်လောက်ပဲ အခါခါ လဲကျပါစေ.. .လောက အတွက် အဆုံးမရှိတဲ့ အိပ်မက်တွေ ဆက်မက်ဘို့အတွက် အင်အားတွေ တိုးပွါးလာတာတော့ အမှန်ပါ...။ ဒါကြောင့် အိပ်မက်တွေလည်း မက်ပါ၊ အဲဒိအိပ်မက်တွေ အောင်မြင်ဘို့ အတွက် ထိုက်တန်တဲ့ ကြိုးစားအား ထုတ်မှုလည်း ပြုပါ၊ ကိုယ့်အတွက်ပဲဖြစ်ပစေ၊ လောကအတွက်ပဲဖြစ်ပါစေ ထိုက်တန်တဲ့ ကြိုးစားအား ထုတ်မှုရှိတဲ့ အိပ်မက်တိုင်းဟာ အောင်မြင်မှာပါ...တစ်ခုတော့ ရှိတာပေါ့၊ ကိုယ့်အိပ်မက်ဟာ ကိုယ့်အတွက် သို့မဟုတ် လောကအတွက် “ခြောက် အိပ်မက်”တွေ မဖြစ်ဘို့တော့လိုတာပေါ့....။

(ကိုယ်ပိုင်နာမ်စား သုံးထားပေမယ့် တစ်ကယ်တော့ ကိုယ့်ကို ချစ်ခင်တဲ့ ၊ ကိုယ်က ချစ်ခင်ရတဲ့ မိတ်ဆွေ အားလုံးအတွက်၊ လောကအတွက် ရည်ရွယ်ပါတယ်)

အလင်းအိမ်(စေတနာပန်းခင်း)23.10.2011(Sun)

No comments:

Post a Comment